အခကြေးငွေပေးပြီး သားအား ပြန်သတ်ခိုင်းခဲ့သည့်မိခင်ကို ရဲဖမ်းဆီး

ထိုင်းနိုင်ငံမှာ အခကြေးငွေပေးပြီး သားအား ပြန်သတ်ခိုင်းခဲ့တဲ့ မိခင်ကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ နာခွန်ဆီရိ သမာရတ်ခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အသက် ၅၃ နှစ်အရွယ် အပါဖွန်အမည်ရတဲ့ မိခင်ဖြစ်သူကို သားဖြစ်သူရဲ့ ဈာပနအခမ်းအနားမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ သားဖြစ်သူအား သတ်ဖို့ ခိုင်းစေခဲ့တာကို ဆွေမျိုးတွေသိမှာ စိုးရိမ်နေတဲ့ သူ့ကို ရဲတွေက အခမ်းအနားကျင်းပရာ အပြင်ဘက် ကားတစီးပေါ်မှာ စစ်ဆေးမေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူ ဆာရော့တ်ဟာ သူ့ကို အကြိမ်ကြိမ် စိတ်ဆင်းရဲပင်ပန်းအောင် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ခုလိုလုပ်ခဲ့ရတာလို့ မိခင်ဖြစ်သူက ရဲချုပ် ထရီဝမ်ချိုင် အက်ခ်ပွန်ဖစ်ခ်ျကို ဝန်ခံထွက်ဆိုလိုက်ပါတယ်။ သားဖြစ်သူဟာ သူပိုင်မြေကို သူ့ရဲ့ မူးယစ်ဆေးဝါးကြွေးတွေအတွက် ရောင်းချပစ်လိုက်ဖို့ ခြိမ်းခြောက်ခဲ့ပြီး ဆွေမျိုးတွေကိုလည်း အမ်-၁၆ သေနတ်နဲ့ ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူ ဆာရော့တ်ရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၉ ရက်နေ့က ချာဝမ်ခရိုင်ထဲမှာ တွေ့ရှိခဲ့ကြတာပါ။ အဲဒီနောက် ရဲတွေဟာ လူသတ်တရားခံကို ဖမ်းဆီးနိုင်ဖို့ ဝရမ်းထုတ်ပြန်ခဲ့ပေမယ့် မဖမ်းမိနိုင်ခဲ့ဘဲ ခုချိန်မှာမှ နောက်ကြောင်းပြန်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အပါဖွန်က သူဟာ ဆွေမျိုးဖြစ်တဲ့ အသက် ၄၆ နှစ်အရွယ်အမျိုးသား ဝီချစ်ကို ဘတ်ငွေ ၇ သောင်းပေးပြီး သတ်ခိုင်းခဲ့တာလို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် ဝီချစ်ကိုတော့ ဖမ်းမမိနိုင်သေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိခင်ဖြစ်တဲ့ အပါဖွန်ကတော့ တစုံတယောက်ကို ကိုယ်စားငှားရမ်းသတ်ခိုင်းခဲ့တဲ့ အမှုအတွက် ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up