လစာတိုးမြင့် ရရှိဖို့အတွက် လွန်ခဲ့တဲ့လက ဆက်တိုက် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်မြို့ တိုင်ရီဖိနပ်စက်ရုံက ရာနဲ့ချီတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်က လိုက်လျောလိုက်တဲ့အတွက် မတ်လ ၃၀ ရက်နေ့က စာချုပ် ချုပ်တယ်လို့ အလုပ်သမားဥပဒေ အကြံပေး ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။
- ယခုနှစ် ဖေဖော်ဝါရီလပိုင်းက တိုင်ရီ အလုပ်သမားများ ဆန္ဒပြစဉ်
၁ နာရီလုပ်အားခ ကျပ် ၁၅၀ အထိ ပေးဖို့တောင်းရာက အလုပ်သမား ဖြန်ဖြေရေးရုံးကို ရှိပြီးသား ၁ နာရီ ၁၂၀ သတ်မှတ်ပေးခဲ့ပါတယ်။ ဖြန်ဖြေရေးရုံးရဲ့ အစီအမံကို လက်မခံတဲ့အတွက် မနေ့နဲ့ဒီနေ့ နှစ်ရက် ဆန္ဒပြပွဲဖြစ်အပြီး ညနေစောင်းမှာတော့ အလုပ်ရှင်က လိုက်လျောမှုတွေရှိတဲ့အတွက် စာချုပ် ချုပ်လိုက်ကြတာလို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။
“အခုညနေမှာ အလုပ်သမားခေါင်းဆောင်တွေ၊ သမဂ္ဂကိုယ်စားလှယ်တွေ အားလုံးနဲ့ အလုပ်ရှင်နဲ့ သဘောတူစာချုပ် ချုပ်ဆိုကြပြီး အဲဒီစာချုပ်မှာ မြို့နယ်ဝါဏ္ဍိဇက ဆုံးဖြတ်ပေးတဲ့ အတိုင်း ၁၂၀ (ကျပ်) ပဲ။ သို့သော် အယူခံရုံးမှာ အလုပ်သမားရှေ့နေတွေနဲ့ ဥပဒေအတိုင်ပင်ခံတွေ လျှောက်ထားတဲ့အတိုင်းပဲ ၁၈ ရက်စာ အချိန်ပိုကြေးကို ပေးမယ်ဆိုပြီးတော့ အလုပ်ရှင်ဘက်က ဆုံးဖြတ်လိုက်တယ်။ အဲဒီတော့ ကျနော်တို့ အယူခံရုံးမှာ တောင်းဆိုထားတဲ့ အချက်တွေအတိုင်း အလုပ်ရှင်ကနေ ပေးမယ်လို့ ဆုံးဖြတ်ချက်တွေ ရရှိလာပြီ။ သဘောတူညီမှုစာချုပ် ချုပ်ပြီ။”