မြေယာအငြင်းပွားမှု တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်၍ တကိုယ်တော် ဆန္ဒပြ

2.5K
မိသားစုနေထိုင်တဲ့ မြေကွက်ကိစ္စ အမှုဖြစ်ပွားရာမှာ ပုသိမ်မြို့နယ်တရားရုံးက မှားယွင်းစွာ တရားစီရင်တယ်ဆိုပြီး ငွေဆောင်ဒေသခံ ဒေါ်ရွှေလီက ခွင့်ပြုမိန့်ယူပြီး ဒီနေ့မနက်က တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒေါ်ရွှေလီ မိသားစုနေထိုင်တဲ့ ငွေဆောင်မြို့ အမှတ် ၃ ရပ်ကွက်က မြေကွက်ဟာ မြေလွတ်မြေလပ် တောင်ကုန်းတခုဖြစ်သော်လည်း ၂၀၁၁ ခုနှစ်မှာတော့ ဒေါ်လှညွန့် ဆိုသူက မြေကိုသူပိုင်တယ်ဆိုပြီး တရားမမှု စတင်ဖွင့်လှစ်ခဲ့လို့ အမှုရင်ဆိုင်ရာမှာ ပြေစာအတုတွေကို တင်ပြပြီး ပုသိမ်မြို့နယ်တရားရုံးကလည်း အဲဒီပြေစာတွေကို အတည်ပြုကာ အနိုင်ပေးခဲ့လို့ အိမ်ဖျက်ရမယ့် အခြေအနေအထိ ရောက်နေတာကြောင့် အခုလိုဆန္ဒဖော်ထုတ်တာလို့ ဒေါ်ရွှေလီကပြောပါတယ်။
“တရားစွဲတဲ့သူက ပြေစာအတုလုပ်လိမ်လည်မှုကို မြေစာရင်းနဲ့ပေါင်းလုပ်ပြီး တရားသူကြီးကလည်း အဲဒါကို မြေအပ်ဝရမ်း ထပ်ထုတ်ပေးပြီး မတရားဝရမ်းတပ် အိမ်ဖျက်ဆီးပြီး လူတွေကို အိမ်ပေါ်က ဆွဲချဖို့လုပ်နေတဲ့အတွက် နေစရာမရှိတော့မှာမို့ အခုလိုဆန္ဒပြရတာပါ” လို့ ပြောပါတယ်။
ဒေါ်ရွှေလီနဲ့ ဒေါ်လှညွန့်တို့ နှစ်ယောက်ရဲ့မြေကွက်အမှုမှာ ပထမတွင်တရားမမှုအဖြစ် ရင်ဆိုင်ခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ ပုသိမ်မြို့နယ်တရားရုံးက ဒေါ်လှညွန့်ကို အနိုင်ပေးခဲ့တာကြောင့် အဲဒီအမိန့်ကို ဒေါ်ရွှေလီက မကျေနပ်လို့ အဆင့်ဆင့်အယူခံတက်ရာ ပြည်ထောင်စု တရားလွှတ်တော်အထိ အထူးအယူခံ တက်ခဲ့ပေမယ့် ၂ ပါးထိုင်ဆုံးဖြတ်တဲ့အထိ ဆုံးဖြတ်ထားတာမှာ ရှုံးနိမ်ခဲ့ကြောင်း ပုသိမ်မြို့နယ် တရားရုံးက သိရပါတယ်။
အဲဒီလိုရှုံးနိမ့်ခဲ့လို့ တရားနိုင်သူက ၂၀၁၄ ခုနှစ်မှာ ခွင့်ပြုချက်နဲ့ထားသူကို နှင်လိုတဲ့ ဇာရီမှုထပ်ဖွင့်တာဖြစ်ပြီး ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ပြီးသားအမှုကို မြို့နယ်မှ ပြန်လည်အတည်ပြုပေးရတာသာဖြစ်တယ်လို့ ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြောပါတယ်
ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က “အမှုကအဆင့်ဆင့်အယူခံ တက်ခဲ့ပြီးပြီ။ နောက်ထပ်တက်စရာမရှိတော့ဘူး။ ဥပဒေနဲ့အညီ ဆန္ဒပြကြတယ်။ ကျနော်တို့ကလည်း ဥပဒေနဲ့ အညီပဲ ဆက်လက်ဆောင်ရွက် ရမှာပဲ။ ဆန္ဒပြလို့ အမှုပိတ်ပေး ရတဲ့ဥပဒေလည်းမရှိပါဘူး။ သူတဇာရီအမှုကိုလည်း မနက်ဖြန်နေ့လယ်မှာ နှစ်ဖက်ကြားနာဖို့ ချိန်းဆိုထားပါတယ်” လို့ ပြောပါတယ်
ဒေါ်ရွှေလီဟာ ပုသိမ်မြို့လယ်က ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့မှာ ပုသိမ်မြို့နယ်ဦးစီးတရားရုံး မှားယွင်းစွာတရားစီရင်မှုအပေါ် နစ်နာသည့်အတွက် ဆန္ဒဖော်ထုတ်ခြင်း ဆိုတဲ့စာသားပါတဲ့ ဗီနိုင်းကိုကိုင်ဆောင်ပြီး မနက် ၁၀ နာရီကနေ ၁၁ နာရီ ၃၀ မိနစ်အထိ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
မြမင်းဦး(ပုသိမ်)