ရေနံစိမ်း ဈေးနှုန်းကျဆင်း၍ ရင်းနှီးမြှုပ်နှံသူ နည်းပါး
DVB
·
October 16, 2017
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်ရှိ ရေနံမှော်တွေမှာ ရေနံစိမ်းဈေးနှုန်း ကျဆင်းပြီး အထွေထွေကုန်ကျစရိတ်များတာကြောင့် တွက်ခြေမကိုက်လို့ လုပ်ကိုင်သူ နည်းလာတယ်လို့ တွင်းတူးလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရေနံတွင်းတူးလုပ်ငန်း လုပ်ကိုင်သူ ဦးဟန်ဝင်းအောင်က “ဆီဈေးက ၆ သောင်းကျော်လောက်ပဲ ရှိတော့တယ်။ ကျင်းပေါက်တပေါက်ကို သိန်း ၇၀ လောက် ရင်းရတယ်။ စက်က လက်ခုံဖိုး၊ ကြိုးဖိုး အထွေထွေကုန်ကျစရိတ်နဲ့ ဆီခပ်လုပ်သားခ တလ ၁၇၀၀၀၀ ကျပ် ပေးရတယ်။ မကိုက်တော့ ကျင်းသစ် ဆက်မတူးကြတော့ဘူး” လို့ ပြောပါတယ်။
ရေနံစိမ်းဝယ်ရောင်း လုပ်ကိုင်သူ ဦးလှအောင်က “ပြီးခဲ့တဲ့ ၆ လ လောက်က မှော်သစ်ပေါ်တာ ကျင်းတကျင်းကို အနည်းဆုံး ပေပါ ၂ လုံးခွဲကနေ ၈ လုံးထိ ရကြတယ်။ အရင် တလကို ပေပါ ၈၀ လောက်ရတဲ့ လုပ်ငန်းရှင်တွေ ခုဆိုရင် ပေပါ ၃၀ တောင် မပြည့်ကြတော့ဘူး။ ဟိုတလောက စမ်းကျင်း စမ်းအောင်လာတယ်။ ယာခင်းရှင်က မြေပေါက်ခ ၁၀ သိန်းတောင်းတော့ ထွက်၊ မထွက် မသေချာဘူး။ စမ်းရုံကို ၁၀ သိန်းဆိုတော့ မသေချာတဲ့ အလုပ်မှာ မမြှုပ်နှံကြတော့ဘူး။ အရင်ကဆို မှော်ကောင်းတော့ ဆီခြံတွေလည်း တနေ့ ပေပါ ၂၀၀ လောက် ဝယ်ရကြတယ်။ ခုတော့ ၄၀ လောက်တောင် မရချင်တော့ဘူး။ လက်ယက်တွင်းက ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို ဆီဘောက်ဆာနဲ့ မုံရွာ ကျောက္ကာချက်ဖို၊ ကြံခင်းနဲ့ မြန်အောင် ချက်ဖိုတွေကို သယ်ယူခွင့်မျောစာ ပြုလုပ်ပြီး ရောင်းချကြတာဖြစ်တယ်” လို့ ပြောပါတယ်။
မင်းလှမြို့နယ်အတွင်းရှိ ထန်းကိုင်း၊ ဒဟတ်ပင်၊ ရေနံမ၊ ငနောင်မုန်း ရေနံမှော်တွေကို မြန်မာနိုင်ငံအနှံပြားက လူဦးရေ ၂ သိန်းကျော်လောက် မှီခိုလုပ်ကိုင် စားသောက်နေကြတယ်လို့ ရေနံလုပ်ကိုင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းအတွင်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို မုံရွာ၊ ကြံခင်း စတဲ့ ဒေသတွေက ၀ယ်ယူပြီး ဓာတ်ဆီဖြူ၊ ချောဆီ စတဲ့ ကုန်ချောထုတ်လုပ်ကာ မြန်မာတနိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။
သတင်း-မင်းထီး