နေပြည်တော်လေဆိပ်လက်နက်မှုကွင်းဆက် ACE ဟိုတယ်တွင် လက်နက်များထပ်ဖမ်းမိ
DVB
·
October 16, 2017
နေပြည်တော်လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနောက် ကွင်းဆက်အဖြစ် ACE ဟိုတယ်မှာ လက်နက်တွေ အများအပြား ထပ်မံဖမ်းမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၅ ရက်ညက နေပြည်တော်လေဆိပ်မှာ အားကစားဝန်ကြီးဟောင်းရဲ့ သားဖြစ်သူ ACE ကုမ္ပဏီဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အဖော် ၂ ယောက်ထံကနေ သြစတြေးလျနိုင်ငံထုတ် ၉ မမ ပစ္စတို ၂ လက်နဲ့ ကျည် ၇၂တောင့်၊ WY စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်၊ ဆက်သွယ်ရေးစက် ၃ လုံး စတာတွေ ဖမ်းမိခဲ့ပါတယ်။
အဲဒီနောက် သူတို့ တည်းခိုခဲ့တဲ့ ဟိုတယ် ACE ကို ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ ဖြိုးကိုကိုတင့်ဆန်းရဲ့ အခန်းက လျူဂါ ပစ္စတို အပါအဝင် ပစ္စတို ၅ လက်၊ ကျည် ၆၃၈ တောင့်၊ အမ် ၁၆ ကျည်အတောင့် ၂၀၊ ပွိုင့် ၂၂ ကျည် ၁၀ တောင့်၊ ကျည်ကာအင်္ကျီတထည်၊ စနိုက်ပါ မှန်ပြောင်းတခု စတာတွေ ဖမ်းမိခဲ့ပါတယ်။
ဖြိုးကိုကိုတင့်ဆန်းရဲ့ အဖော် ၂ ယောက်တည်းခိုတဲ့ အခန်းမှာတော့ ပစ္စတို ၂ လက်နဲ့ ကျည် ၁၆ တောင့်ကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စုစုပေါင်း ပစ္စတို ၉ လက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု၊ အမ် ၁၆ လက်ကိုင်ကွင်း ၁ ခု၊ ပစ္စတိုအိတ်အနက်ရောင် ၇ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စနိုက်ပါ မှန်ပြောင်း ၁ လက် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဒက္ခိဏမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ် လို့လည်း ထုတ်ပြန်ထားပါတယ်။