ဝက်ထီးကန်မြို့မှာ လူ ၆၀ ခန့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား
မင်းညို
·
October 16, 2017
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က လူ ၆၀ ခန့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့က ဝက်ထီးကန်မြို့ နှောကန်ရပ်ကွက်၊ မာတိကာရုံ ကျောင်းသစ်ကျောင်း ကထိန်အလှူမှာ ဒေသခံတွေ ချက်တဲ့ ဒံပေါက်ထမင်းကို စားကြပြီး နှောကန်ရပ်ကွက်က ဒေသခံ လူ ၆၀ ခန့် ရောဂါဖြစ်ပွားခဲ့တယ်လို့ နှောကန်ရပ်ကွက် ရာအိမ်မှူး ကိုမောင်မောင်က ပြောပါတယ်။
အလှူမှာ လူ ၁၈၀ ကျော်လောက် စားခဲ့ပေမယ့် လူတိုင်းတော့ မဖြစ်ဘူးလို့ ပြောပါတယ်။
အခု ဝက်ထီးကန် တိုက်နယ်ဆေးရုံမှာ လူနာ ၁၄ ယောက်ပို့ထားပြီး ကျန်တဲ့လူနာတွေကို ရာအိမ်မှူး ကိုဝင်းလွင် အိမ်မှာပဲ ပြည်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဦးဆောင်တဲ့အဖွဲ့က ဆေးကုသပေးနေပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းအထိ လူနာကတော့ ဆက်လက်တိုးနေတုန်းပဲလို့လည်း သိရပါတယ်။