ရခိုင်တွင် ၁၀ လအတွင်း မူးယစ်ဆေးဝါးကျပ်သိန်းပေါင်း ၆ သောင်းကျော်ဖိုး ဖမ်းမိ
DVB
·
October 15, 2017

ရခိုင်ပြည်နယ် အတွင်းမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်နေ့အထိ မူးယစ်ဆေးဝါး တန်ဖိုးကျပ်သိန်းပေါင်း ၆ သောင်းကျော် ဖမ်းဆီရရှိခဲ့ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ၈၅ မှုအပါအဝင် ကျား၊မ တရားခံ ၂၁၃ ဦးတို့ကို ဖမ်းဆီးရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကနေ့အထိ ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့ ကနေအမှုအားဖြင့် ၈၅ မှု ကျနော်တို့ ဖမ်းဆီးပြီး ဖြစ်ပါတယ်။ အဲ့ဒီမှာ ဆေးခြောက်တို့ မော်ဖိန်းတို့ပါတယ်။ ပြီးတော့ WY စိက်ကြွဆေးပြားတွေ ပါတယ်။ နောက်ပြီး မော်ဖိန်းဆိုတဲ့ဆေးပြား တွေပါတယ်။ တရားခံအားဖြင့် ကျားရော မရောပေါင်း ၂၁၃ ယောက် ဖမ်းဆီးအရေးထားပြီးဖြစ်ပါတယ်။ ကာလတန်ဖိုးကျပ်သိန်းပေါင်း ၆ သောင်းကျော်ရှိပါပြီ။”
ရခိုင်ပြည်နယ်အတွင်း လူငယ်တွေအကြား မူးယစ်ဆေးဝါးတွေ လက်လီ အလွယ်တကူ ဝယ်ယူလို့ ရရှိနိုင်တာကြောင့် ဒေသခံတွေအကြား အန္တရာယ်ကြီးတဲ့ အနေအထားတခုကို ရောက်လာနေတယ်လို့ စစ်တွေမြို့ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးသန်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။
“အထူးသဖြင့် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့တော်တော်များများမှာ ကလေးတွေ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတာကတော့ ပမာဏအများကြီး ဖမ်းမိတာနဲ့ မဆိုင်တဲ့ အနေထားမျိုး ဖြစ်နေတယ်။ မူးယစ်ဆေးဝါးပမာဏ ဘယ်လောက်ပဲဖမ်းမိဖမ်းမိ မြို့ရွာတွေ ကလေးတွေက မူးယစ်ဆေးဝါး သုံးစွဲမှုပိုများလာတယ်။ အဲ့ဒီအဓိပ္ပာယ်ကတော့ လက်လီ အလွယ်တကူဝယ်လို့ နိုင်တယ်ဆိုတဲ့ဖြစ်တယ်။ မူးယစ်ဆေးဝါးပြဿာနာ ရခိုင်ပြည်နယ် အတွက် သိပ်ကိုအန္တရာယ်ကြီး အနေအထားတခုကို ရောက်နေပါတယ်။”
ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေ အပါအဝင် ကျေးရွာတွေကို မူးယစ်ဆေးဝါးတွေ အသိပညာပေးမှုတွေအပါအဝင် ရှာဖွေဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ပြည်နယ်ရဲမှူးကြီးအောင်မြတ်မိုးက ဆိုပါတယ်။
“တားဆီးနှိမ်နင်းအပိုင်းမှာလည်း မူးယစ်တပ်ဖွဲ့သုံးစုရှိပါတယ်။ မောင်တောရယ်၊ ကျောင်ဖြူရယ်၊ စစ်တွေရယ် သူတို့အဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ပေါင်းပြီးတော့ ဖိဖိစီးစီး ဖမ်းဆီး နေတာတွေ ရှိပါတယ်။ အသေးအမွှားလေးတွေကအစ အသေးအမွားရယ်လို့ မထားဘဲ ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးပြီးတော့ တဖက်ကလည်း ထိရောက်ပြစ်ဒဏ်ရှရှိရေး အရေးယူနေတာလည်း ရှိတယ်။”
စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း မောင်တောသွားမယ့်ကားတစီးမှာ ဇွန်လ ၁၁ ရက် WY မူးယစ်ဆေးပြားပေါင်း ၃၄ သိန်း၊ ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်း ၂ ထောင်ကျော်ကို အများဆုံးဖမ်းရရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ စိတ်ကြွဆေးပြားဖမ်းဆီးရရှိမှုဟာ၂၀၁၀ ခုနှစ်မှာ ၂၁ မှု၊ ၂၀၁၁ နဲ့ ၁၂ ခုနှစ်မှာ ၁၈ မှု၊ ၂၀၁၃မှာ ၄၉ မှု၊ ၂၀၁၄ မှာ ၅၈ မှု၊ ၂၀၁၅ မှာ ၉၁ မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ၄၁ မှုရှိခဲ့တယ်လို့ သိရှိရပါတယ်။
သတင်း-ဝဏ္ဏခွာညို