Home
ဆောင်းပါး
စစ်မီး ဘယ်သူရှို့နဲ့ မျက်စပစ်နေတဲ့ တတိယ ကမ္ဘာစစ်
DVB
·
October 15, 2017
  မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ စစ်ပွဲရဲ့မီးစာကို ရှို့နေတယ်လို့ စွပ်စွဲလိုက်သလို အမေရိကန်ကွန်ဂရက်လွှတ်တော် အမတ်တချို့ကလည်း မစ္စတာ ထရမ့်ဟာ ပြုံယမ်းကို ရန်လိုတဲ့ စကားကြီးစကားကျယ်နေတွေ ပြောနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ တကယ်တော့လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ နှစ်ဦးစလုံးဟာ စကားကြီးစကားကျယ်တွေ သုံးပြီး အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။   ဒါပေမယ့် စကားစစ်ထိုးပွဲချည်းပဲ ကျင်းပနေရင်တော့ ပြဿနာမရှိပေမယ့် တဘက်က တခုတည်းသော ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံဖြစ်သလို တဘက်ကလည်း ကြောက်စရာကောင်းတဲ့ နျူကလီးယာလက်နက်တွေကို ပိုင်ဆိုင်ထားပြီလို့ ယုံကြည်ရလောက်တဲ့ အခြေအနေမှာ ရှိနေတဲ့ နိုင်ငံတခုဖြစ်နေပါတယ်။ တကယ်လို့ စကားစစ်နဲ့ တင်မရပ်ဘဲ လက်ပါ ပါလာကြပြီဆိုရင်တော့ ဒုတိယအကြိမ်နဲ့ ရပ်ဆိုင်းနေခဲ့တဲ့ ကမ္ဘာစစ်ဟာ တတိယအကြိမ် ထပ်ဖြစ်နိုင်လာစရာအခြေအနေရှိနေတယ်လို့ပဲ ပြောရမှာပါပဲ။ စစ်မီးစာကို ရှို့နေသူဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဖြစ်တယ်လို့ စွပ်စွဲပြောဆို လိုက်တာကတော့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး အမေရိကန်ဟာ ကျည်မိုးဖြိုင်ဖြိုင် အကျခံရအောင် လုပ်နေတယ်လို့ သူကပြောကြားခဲ့ပါတယ်။    မြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သမ္မတ ထရမ့်က သူ့ရဲ့ နိုင်ငံတကာမဟာမိတ်တွေနဲ့ တွဲပြီး မြောက်ကိုရီးယားနိုင်ငံက နျူကလီးယာစမ်းသပ်မှုနဲ့ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတွေ တိုးချဲ့ပြုလုပ်လာတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ မကြာခင်လတွေကစပြီး ဆက်ဆံရေးတင်းမာလာခဲ့တာပဲဖြစ်ပါတယ်။   စစ်အင်အားပြပြီး သုံးစွဲကြတော့မလောက်ဖြစ်ခဲ့တာကို ကျနော့်ရဲ့ ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီး ဖြစ်တာကို စာဖတ်သူတွေ အမှတ်ရကြဦးမှာပါ။ ခုမြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို ရဲ့သမ္မတ ထရမ့်အပေါ် ပြောကြားလိုက်တဲ့စကားကတော့ နောက်ဆုံး မစ္စတာ ဒေါ်နယ်လ်ထရမ့်နဲ့ ပြုံယမ်းအစိုးရ တို့အကြား ရန်လိုမှုကို ပိုပြီးပြင်းထန်လာစေနိုင်တဲ့ ဝေဖန်ပြောဆိုမှု ဖြစ်တယ်လို့ ဆိုပါတယ်။    ရုရှားနိုင်ငံ တပ်စ် သတင်းအေဂျင်စီက မစ္စတာ ရီရဲ့ပြောစကားကို ကောက်နုတ် ဖော်ပြရာမှာ “သူ့ရဲ့ ကုလသမဂ္ဂမှာပြောကြားခဲ့တဲ့ ရန်လိုရူးနှမ်းတဲ့ စကားတွေအရ ထရမ့်ဟာ ကျနော်တို့ကို ဆန့်ကျင်တိုက်ခိုက်မယ့် စစ်ပွဲရဲ့ မီးဇာကို မီးညှိလိုက်တာပဲဖြစ်တယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။    ဒီလို နှစ်နိုင်ငံခြားတင်းမာမှုတွေ ဖြစ်နေတဲ့ လပိုင်းအတွင်းမှာ အမေရိကန်ပြည်ထောင်စု ကရော မြောက်ကိုရီးယားနိုင်ငံကပါ တကယ်စစ်တိုက်ဖို့ လိုအပ်ရင်ဆိုတဲ့ အခြေအနေမျိုးရောက်လာရင်တဘက်ရန်သူကို အပြတ်အသတ်ခြေမှုန်း နိုင်ဖို့ ကျိတ် ပြီးပြင်ဆင်နေကြတယ်လို့ ပြောမယ်ဆိုရင်လည်း မှားမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ အမေရိကန်သမ္မတရဲ့ ထိပ်တန်းဝါအရင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂျိမ်းစ် မက်တစ်စ် က အမေရိကန်စစ်တပ်ကို မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ပွဲအတွက် အဆင်သင့်ရှိနေကြဖို့ ပြောကြားခဲတဲ့အတွက် အကြားအမြင်များတဲ့ ပြည်သူလူထုတွေအတွက် တတိယကမ္ဘာစစ်ကြီး များဖြစ်လာလေမလားဆိုပြီး စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာခဲ့ကြပါတယ်။    မက်ဒ်ဒေါ့ဒ်(Mad dog) လို့ နာမည်ပြောင်ရထားတဲ့ ဗိုလ်ချုပ်ကြီး ဂျိမ်းစ် မက်တစ်စ် က ဒီအန္တရာယ်ရှိတဲ့ အလှည့်အပြောင်းဟာ အနာဂတ်မှာဘယ်လိုဖြစ်လာဦးမယ်ဆိုတာပြောဖို့ မဖြစ်နိုင်သေးပေမယ့် မြောက်ကိုရီးယား ကင်ဂျုံအန်းကို ထိတ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ထား ကြဖို့ အမေရိကန်တပ်တွေကို သတိပေးပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။  ဒါပေမယ့် သူပြောတဲ့စကားထဲမှာ သမ္မတ ထရမ့်က သံတမန်နည်းလမ်းနဲ့  အဖြေရှာဖို့ ကြိုးစားနေတဲ့ အချိန်မှာ အမေရိကန်ပြည်ထောင်စုတပ်အတော်အနေနဲ့  တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေ ကြရမယ်လို့ ပြောကြားခဲ့တဲ့အတွက် တိုက်ခိုက်ဖို့ ယတိပြတ်ဆုံးဖြတ်ထားပြီးတာ မဟုတ်သသေးဘူးဆိုတာကတော့ ပေါ်လွင်ပါတယ်။ သူက “အခုတော့ သံတမန်ရေး နည်းလမ်းနဲ့ ဦးတည်ဆောင်ရွက်နေပြီး မြောက်ကိုရီးယားကို ဒီလမ်းကြောင်းကခွာဖို့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေနဲ့ ပံ့ပိုးကျားကန်ပေးနေပါတယ်။ အခုအနာဂတ်မှာ ဘာဖြစ်လာမှာပါလဲ။ ကျနော်ရော ခင်ဗျားတို့ရော မပြောနိုင်ပါဘူး။ ဒီတော့ တခုရှိတာက အမေရိကန်တပ်မတော်က လုပ်နိုင်တာကတခုတည်းပဲရှိပါတော့တယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။     “ကျနော်တို့သမ္မတက လိုအပ်လို့ စစ်ရေးနည်းလမ်းကိုရွေးချယ်ရပြီဆိုရင် ခင်ဗျားတို့ဘက်က အဆင်သင့်ဖြစ်နေရမှာ ဖြစ်တယ်”လို့လည်း ထည့်သွင်းပြောကြားသွား ခဲ့ပါတယ်။   အဲဒီလိုပြောကြားရတာကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုရတာကို သဘောမတွေ့လှကြောင်း ထပ်တလဲလဲပြောဆိုနေခဲ့ပြီး မကြာသေးခင်ကလေးကပဲ တွေ့ဆုံဆွေးတာဟာ အချိန်ဖြုန်းတီးတာသာဖြစ်တယ်လို့ ပြောပြီး တွေ့ဆုံဆွေးနွေးရေး အဆိုကိုပယ်ချလိုက်တဲ့ အတွက်ဖြစ်ပုံရပါတယ်။ နောက် ဖြစ်ပေါ်နေတဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ တင်းမာမှုနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့တွစ်တာ စာမျက်နှာ မှာ လွန်ခဲ့တဲ့ ၂၅ နှစ်တာကလ အတွင်းအဲဒီနိုင်ငံကို ဒေါ်လာဘီလျံပေါင်းများစွာပေးအပ်ခဲ့တာဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ရေးသားခဲ့တဲ့အတွက်လည်း သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယား အရေးမှာ သံတမန်နည်းလမ်းနဲ့ နိုင်ငံတကာရဲ့ သဘောထားတွေကြောင့် ကြိုးစားနေရတာ ဖြစ်ပေမယ့် သူ့သဘောကတော့ မလုပ်ချင်တဲ့သဘော အချိန်ကုန်ငွေကုန်တာပဲရှိတယ်လို့ သဘောထားနေကြောင်း ပြသနေသလိုပါပဲ။ သူက လုံးဝဖျက်ဆီးပစ်နိုင်တယ်လို့ သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။    “သမ္မတတွေနဲ့ သူတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ၂၅ နှစ်လောက် မြောက်ကိုရီးယားနဲ့ စကားပြောခဲ့ပြီးပါပြီ။ သဘောတူညီချက်တွေ အများကြီးရခဲ့ပြီးပေးအပ်ခဲ့တဲ့ များပြားလှတဲ့ ငွေကြေးတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ သဘောတူညီချက်တွေဟာ မှင်မခြောက်သေးခင် မှာပဲ အချိုးဖောက်ခံရ၊ အမေရိကန်ညှိနှိုင်းဆွေးနွေးသူတွေကို အရူးလုပ်ခံခဲ့ရပြီးပါပြီ”လို့ သမ္မတက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားခဲ့ပါတယ်။     နောက်တော့ “၀မ်းနည်းပါတယ်။   အလုပ်ဖြစ်မယ့်နည်းကတခုတည်းပဲ ရှိပါတော့တယ်”လို့ သူက ရေးသားခဲ့တာကို တွေ့ရပါတယ်။   သူ့အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပြောဆိုနေလည်း အလကားပါပဲလို့ ထင်မြင်ယုံကြည်နေပြီဆိုရင်တော့ အဲဒါဟာ ကောင်းတဲ့ အလားအလာမဟုတ်တာကတော့ သေချာပါတယ်။   မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့တောင်ကိုရီးယား နိုင်ငံကို တိုက်ခိုက်လာနိုင်ခြေရှိတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အများကြီးလည်း လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန် ကြည်းတပ်စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မတ်ခ် မီလီကလည်း သူ့တပ်တွေအနေနဲ့ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့အဆင်သင့်ရှိနေပြီး သူတို့ ဘယ်အချိန်မှာ တိုက်ခိုက်မယ်ဆိုတာလည်း လျှင်မြန်တဲ့ အချိန်စီစဉ်သတ်မှတ်ချက် တခုရှိတယ်လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။ သူက တကယ်လို့ စစ်ပွဲသာဖြစ်ခဲ့ရင် မြောက်ကိုရီးယားနိုင်ငံဟာ ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်းလည်း သတိပေးပြောကြားခဲ့ပါတယ်။    သူက “ကိုရီးယားကျွန်းဆွယ်မှာ တကယ့်စစ်ပွဲကြီး ဖြစ်ပြီဆိုရင်တော့ ဘယ်လိုပဲတွေးတွေး ကြောက်ရွံ့ချောက်ချားစရာ ကောင်းမှာပါပဲ။ ဘယ်လိုမှသံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး”လို့လည်း ပြောကြားခဲ့ပါတယ်။   အာဏာရှင် ကင်ဂျုံအန်းကတော့ နျူကလီးယာလက်နက် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်တာဟာ သူ့နိုင်ငံရဲ့ အခွင့်အရေးဖြစ်တယ်လို့ ပြောရင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို“ ခွေးရူးအိုကြီးပဲ” လို့ နာမည်တပ်တုံ့ပြန်ခဲ့ပါတယ်။    ဘာပဲဖြစ်ဖြစ်ခုချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့က အမေရိကန်သမ္မတရဲ့ မြောက်ကိုရီးယားကို သတိပေးချက် ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံအပေါ် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ဖို့ အမေရိကန်ကို တောင်းဆိုပြောကြားခဲ့ပါတယ်။   မြောက်ကိုရီးယား နိုင်ငံကတော့ သူ့နိုင်ငံရဲ့ နျူကလီးယာစမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂနဲ့ အမေရိကန် မဟာမိတ်တွေက ပြင်းထန်တဲ့အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်တာကို ဒေါသထွက်နေခဲ့ပြီး သူ့ရဲ့မဟာမိတ်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံကပါ ပါဝင်အရေးယူပိတ်ဆို့မှု လုပ်လာတဲ့အပေါ်ပိုလို့ တောင်ခံပြင်းဒေါသဖြစ်လာခဲ့ပါတယ်။     တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ မြောက်ကိုရီးယားနယ်စပ်အနီးမှာ စစ်အင်အားပြလာ တာတွေအပေါ်မှာလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန်းက အပြင်းအထန် ဒေါသထွက်နေပုံရပါတယ်။   သူက မြို့တော်တောင်ဘက်ပိုင်း ဟွမ်ဂျူးက စကတ်ဒ် ဒုံးကျည် ၃၀ ကို နိုင်ငံရဲ့အနောက်ပိုင်း နမ်ဖိုကို ရွှေ့ပြောင်းပြလိုက်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံက သူ့ရဲ့ ၁၉ ကြိမ်မြောက် ကွန်ဂရက် ကျင်းပတဲ့အချိန်မှာ သူ့ရဲ့အဓိက လက်နက်အင်အားကို ပြသလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။    သတင်းမီဒီယာတချို့ကတော့ ရှေ့အပတ်ထဲမှာ တရုတ်ကို စကတ်ဒ်ဒုံးကျည် အစင်း ၃၀ ပစ်လွှတ်ဖို့ မြောက်ကိုရီယားနိုင်ငံက ပြင်ဆင်နေပြီိလို့ ဖော်ပြကြပါတယ်။   အဲဒီလိုသာ တကယ်ကြိုးစားခဲ့ရင်တော့ အမေရိကန်နိုင်ငံနဲ့ စစ်မဖြစ်ခင် တရုတ်နိုင်ငံနဲ့ စစ်အရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အမေရိကန်နိုင်ငံကလည်း သည်းမခံနိုင်ဖြစ်ပြီး စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ တတိယကမ္ဘာစစ်က မျက်စပစ်လာတော့မှာ ဖြစ်ပါတယ်။     ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအားလုံးက ၀ိုင်းဝန်းတားဆီးဟန့်တားသင့်ကြ ပါတယ်။    ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ပေးကြရပါလိမ့်မယ်။     စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024