တာဆန်းကြိုးတံတား ခံနိုင်ဝန် စစ်ဆေးပြီး၍ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြု
DVB
·
October 15, 2017
တာဆန်းကြိုးတံတား ခံနိုင်ဝန် စစ်ဆေးပြီးတဲ့အတွက် ၁၅ တန်နဲ့ တန် ၂၀ ကုန်တင်ယာဉ်တွေကို ပြန်လည် ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပါတယ်။
“တံတားသံမဏိဆိုင်းကြိုးတွေ အရင်ထက် လျော့ကျလာခြင်းရှိမရှိ သီအိုဒိုလိုက်နဲ့ တိုင်းထွာပြီး ၁၅ တန်နဲ့ တန် ၂၀ ထိကုန်တင်ယာဉ်ဖြတ်သန်းပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ လက်ရှိအခြေအနေအရ လျော့ကျမလာတဲ့အတွက် ခံနိုင်ဝန် ၁၅ တန်အထိ ဖြတ်သန်းသွားလာခွင့် ပြုထားပါပြီ” လို့ မိုင်းတုံမြို့နယ် လမ်းဦးစီးဌာနမှ အေအီး ဦးထိန်ဝင်းက ပြောပါတယ်။
တာဆန်းကြိုးတံတား ကျောက်စီနံရံပြိုကျပျက်စီးမှုအတွက် တံတားအထူး(၁၂)မှ အေအီး ဦးဝင်းသောင်း ဦးစီးကာ ရှင်းလင်းရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လိုအပ်တဲ့ စက်ယန္တရားနဲ့ လုပ်သားအင်အားတွေကို မိုင်းတုံမြို့နယ်လမ်းဦးစီးဌာနက ဝိုင်းဝန်းပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်။
သံလွင်မြစ်ကူးတံတား (တာဆန်းကြိုးတံတား) ဟာ အောက်တိုဘာ ၁၀ ရက်က မိုးသည်းထန်မှုကြောင့် တံတားဆိုင်းကြိုးခုံကို ထိန်းသိမ်းပေးထားတဲ့ ကျောက်စီနံရံပြိုကျခဲ့မှု ကြောင့် ၃ ရက်တာ ယာဉ်သွားလာမှု ရပ်ဆိုင်းထားခဲ့ရတာပါ။
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကစပြီး ၁၅ တန်အထိ ကုန်တင်ယာဉ်တွေ စတင်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ သံလွင်မြစ်ကိုဖြတ်သန်းပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဆက်သွယ်ရေး လမ်းကြောင်းကို အဆင်ပြေချောမွေ့စွာ ပြန်လည်သွားလာနိုင်ပြီဖြစ်ပါတယ်။