တာလီဘန်တွေက ဇနီးကို အဓမ္မပြုကျင့်ပြီး သမီးကို သတ်ခဲ့တယ် – ပြန်ပေးဆွဲခံခဲ့ရသူ ဂျော့ရူဝါဘွိုင်း

တာလီဘန်တွေ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကနေဒါလူမျိုး ဂျော့ရူဝါဘွိုင်းက တာလီဘန်တွေက ဇနီးဖြစ်သူကို အဓမ္မပြုကျင့်တယ်၊ သမီးဖြစ်သူကို သတ်ခဲ့တယ်လို့ ပြန်ပေးအုပ်စုရဲ့ မိုက်မဲဆိုးသွမ်းယုတ်မာမှုကို ပြောလိုက်ပါတယ်။ ပြန်ပေးတွေရဲ့ အကျဉ်းထောင်ထဲမှာ ၅ နှစ် နေခဲ့ရပြီး ဂျော့ရှုဝါဘွိုင်းက ဇနီးဖြစ်သူ ကေ့တ်လန်ကိုးလ်မန်း၊ ကလေးတွေနဲ့အတူ ကနေဒါကို ရောက်ရှိပြီးနောက် သတင်းထောက်တွေကို ပြောခဲ့တာပါ။ သူတို့စုံတွဲက ၂၀၁၂ ခုနှစ်တုန်းက အာဖဂန်နစ္စတန်ကို ခရီးထွက်စဉ် ဒီလို ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မစ္စကိုးလ်မန်းရဲ့ ဖခင်ဖြစ်သူကတော့ အန္တရာယ်များတဲ့နေရာကို ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တာက ယုတ္တိမတန်ဘူးလို့ ပြောလိုက်ပါတယ်။ နှစ်ဦးစလုံးရဲ့ မိဘတွေက အစကတည်းက ဒီစုံတွဲ ဘာကြောင့် အာဖဂန်နစ္စတန်မှာ ရှိခဲ့တာလဲလို့ ယခင်ကလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒီစုံတွဲကို အောက်တိုဘာ ၁၁ ရက်နေ့က ကယ်ဆယ်အပြီးမှာတော့ ကေ့တ်ရဲ့ဖခင် ဂျင်မ်ကိုးလ်မန်းက “ကျနော့်လို လူမျိုးအတွက်ဆိုရင် ကိုယ့်ရဲ့ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်ကို အရမ်းအန္တရာယ်များတဲ့ နေရာကို ခေါ်သွားတာက ယုတ္တိမတန်တဲ့ ကိစ္စလို့ပဲ ကျနော်ပြောချင်တယ်” လို့  အေဘီစီနယူးစ်သတင်းဌာနကို ပြောပါတယ်။ “ကျနော်သာဆိုရင် ဒီလိုလုပ်ဖို့ စိတ်ကူးလို့တောင် မရဘူး” လို့ ဂျင်မ်က ဆိုပါတယ်။ ဒါပေမယ့် မစ္စတာဘွိုင်းက တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ အန်ဂျီအို မရှိဘူး၊ ကယ်ဆယ်ရေးဝန်ထမ်းနဲ့ အစိုးရအဖွဲ့ဝင်တွေမရှိဘူး၊ ဒါကြောင့် သူတို့စုံတွဲက အဲဒီက ရွာသားတွေကို ကူညီဖို့ကြိုးစားရင်း ပြန်ပေးဆွဲခံရတာလို့ ဆိုပါတယ်။ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ မစ္စကိုးလ်မန်းက ပထမကလေးရဲ့ ကိုယ်ဝန်အရင့်အမာနဲ့ ဖြစ်ပြီး ဒီအပတ် သူတို့ ၂ ဦး ပြန်လာချိန်မှာတော့ ကလေး ၃ ဦး ပါလာခဲ့တာပါ။ ကလေးတွေအားလုံးကို အကျဉ်းစခန်းထဲမှာ မွေးခဲ့ပြီး အငယ်ဆုံးကလေးကတော့ ကျန်းမာရေး မကောင်းပါဘူး။ မစ္စတာဘွိုင်းက သူတို့ ၂ ဦးမှာ ၄ ယောက်မြောက် ကလေးရှိကြောင်း အဲဒီသမီးလေးကို ပြန်ပေးဆွဲသူ တာလီဘန်ထောက်ခံရေး ဟက်ကနီကွန်ရက်က သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့ ဇနီးသည်ကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ဒီလိုလုပ်ခံခဲ့ရတာက သူတို့ ကမ်းလှမ်းတာကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့လို့ ဖြစ်ကြောင်း မစ္စတာဘွိုင်းက ပြောပါတယ်။ အာဖကန်နယ်စပ်နားမှာ အမေရိကန်က စစ်ဆင်ရေးလုပ်စဉ် သဲလွန်စရပြီး သတင်းပေးခဲ့လို့ နောက်ဆုံး သူတို့မိသားစုကို ပါကစ္စတန်စစ်တပ်က ကယ်ဆယ်ခဲ့တာပါ။ ပထမဦးဆုံး ထုတ်ပြန်တဲ့သတင်းမှာ မစ္စတာဘွိုင်းဟာ လွတ်မြောက်လာပြီး ပါကစ္စတန်က ပြန်လာချိန် အမေရိကန် စစ်လေယာဉ်ကို စီးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာဘွိုင်းက တချိန်က အစ္စလမ်အစွန်းရောက် အမြင်တွေကို ထောက်ခံတဲ့ အမျိုးသမီးတဦးနဲ့ လက်ထပ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မစ္စတာဘွိုင်းက အမေရိကန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတရားစွဲမှုကို ကြောက်တာ ဖြစ်နိုင်တယ်လို့ စီအန်အန်သတင်းဌာနက ယူဆနေပါတယ်။ ကနေဒါကို ရောက်ချိန်မှာတော့ မစ္စတာဘွိုင်းက အထက်ပါသတင်းကို ဝေဖန်လိုက်ပြီး သူတို့မိသားစုအနေနဲ့ ဆိုးရွားခက်ခဲ့တဲ့အချိန်တွေကို နောက်ချန်ထားခဲ့ချင်ကြောင်း၊ အခုအချိန်မှာ သူတို့ရဲ့ အသက်ရှင်နေတဲ့ ကလေး ၃ ယောက်အတွက် အိမ်လို့ ခေါ်လို့ရတဲ့ လုံခြုံတဲ့ သီးသန့်နေရာလေးတခု တည်ဆောက်ရရှိဖို့ မျှော်လင့်နေတယ်လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up