ထက်ထက်မိုးဦးကို ဒဏ်ငွေကျပ် ၁ ထောင် ပြစ်ဒဏ်ချ
နော်နိုရင်း
·
March 30, 2012

သတင်းထောက်တဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး ဒေါ်ထက်ထက်မိုးဦးကို ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ပြီး ဒဏ်ငွေကျပ် ၁ ထောင် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် တရားရုံးက ဒီနေ့ သောကြာနေ့ မနက် ၁၀ နာရီခွဲမှာ ပြစ်မှုဆိုင်ရာမ ပုဒ်မ ၃၂၃ သာမန်နာကျင်စေမှုအရ ငွေဒဏ် ချမှတ်လိုက်တာပါ။
ရန်ကင်းမြို့နယ် တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် တရားခံ ဒေါ်ထက်ထက်မိုးဦးက ကျေကျေနပ် နပ်လက်ခံသလို ဒဏ်ငွေ ၁ ထောင်ပေးသွားပြီး ဒီစီရင်ချက်အတွက် အယူခံမဝင်တော့ဘူးလို့ ဆိုပါတယ်။
အမှုဖြစ်ပွားပုံအစကတော့ ၂၀၁၀ ခုနှစ်လယ်ပိုင်းက ပါတီပွဲတခုမှာ 7Day သတင်းဂျာနယ် သတင်းထောက် မအေးသူစံက ဒေါ်ထက်ထက်မိုးဦးကို ကိုယ်ရေးကိုယ်တာ ကိစ္စတခု မေးမြန်းရာက အစပြုလို့ ထက်ထက်မိုးဦးက ပါးရိုက် လိုက်တဲ့အတွက် စွဲဆိုခဲ့တဲ့ အမှု ဖြစ်ပါတယ်။
အမှုစစ်ဆေးချိန် ၁ နှစ်နဲ့ ၁၀ လကျော်ကာလမှာ တရားရုံးကို အကြိမ် ၇၀ ကျော် သွားခဲ့ရတယ်လို့ တရားလို မအေးသူစံက ပြောပါတယ်။ သတင်းထောက် မအေးသူစံက တရားရုံးရဲ့ စီရင်ချက်အပေါ် မကျေနပ်ပေမယ့် ကုန်ကျစရိတ် မတတ်နိုင်တော့လို့ အယူခံမဝင်တော့ပါဘူးလို့ ဆိုပါတယ်။
“ကျမ ခံစားခဲ့ရတုန်းက လူပုံအလယ်မှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရတယ်။ ဒီအမှုမှာ လူအား၊ ငွေအားနဲ့ စိတ်အင်အားတွေ အများကြီးပေးပြီးတော့ အချိန်ပေး အသုံးချခဲ့ရတယ်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ဒီလို စော်ကားလိုက်တဲ့ အတွက် အလုပ်နဲ့ ပတ်သက်ပြီး ကျမစိတ် ဓာတ်တွေလည်း တော်တော်ကြီး ကျခဲ့ရတယ်။ ဒီလောက် နစ်နာမှုတွေ အတွက်ကို ပြန်ရလိုက် တာက ဒဏ်ငွေ ၁ ထောင် ဆိုတော့ လူရယ်စရာကြီး ဖြစ်နေပါတယ်။ ကျမ ဒီ စီရင်ချက်ကို လုံးဝ မကျေနပ်ပါဘူး။ သို့သော် ကျမမှာ နောက်ထပ် ငွေအင်အားရော လူအင်အားပါ အကုန်အကျ မခံနိုင်တော့ပါဘူး။ ဂုဏ်သိက္ခာပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ တရားရုံးတခုမှာ သူဟာ တရားခံ တယောက်အနေနဲ့ စာရင်းဝင်သွားပြီ။”လို့ ပြောပါတယ်။
အခုပြစ်ဒဏ်ချမှတ်တဲ့ အမှုဟာ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ကျပ် ၁၀၀၀ သို့မဟုတ် ထောင်ဒဏ် ၁ လကနေအမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်လို့ ရပါတယ်။