ကျိုက်ထီးရိုး ရင်ပြင်ပေါ်တွင် စနစ်တကျအမှိုက်ပစ်နိုင်ရန် ဂေါပကအဖွဲ့ ဆောင်ရွက်

2.9K
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်က အမှိုက်တွေကို စနစ်တကျစွန့်ပစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စေတီတော်ဂေါပက အဖွဲ့ရုံးက သိရပါတယ်။
ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်ကနေ ၁ ရက်ကို အမှိုက်တန်ချိန် ၅ တန်ကနေ ၁၀ တန်ကြား စနစ်တကျမရှိဘဲ တောင်အောက်ကို ပစ်ချနေရတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က ပြောပါတယ်။
သမိုင်းဝင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် ၇ လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကြောင့် ပွဲတော်ကာလအတွင်း အနယ်အရပ်ရပ်က ဘုရားဖူးပြည်သူ အများအပြားလာရောက်ကြရာ အမှိုက်စွန့်ပစ်မှု များပြားလာတာကြောင့် အမှိုက်တွေကို စနစ်တကျရှိစေဖို့အတွက် အမှိုက်အမျိုးအစားခွဲပြီး ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“ဆံတော်ရှင်ကျိုက်ထီးရိုး စေတီရင်ပြင်တော်ပေါ်မှာ သာယာလှပသန့်ရှင်းစေဖို့အတွက် ဘုရားဖူးပြည်သူတွေအနေနဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်သလို ကျိုက်ထီးရိုးတောင်ပေါ်မှာ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကလည်း အမှိုက် တွေကို စနစ်တကျစွန့်ပစ်ကြဖို့ လိုအပ်ပါတယ်” လို့ မြတ်ထိပ်စံထမင်းဆိုင်မှ မတင်တင်အေးက ပြောပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရှေးဟောင်း သုတေသနအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ယဉ်ကျေးမှုထိန်းသိမ်းထားတဲ့ နယ်မြေအဖြစ် သတ်မှတ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သလို စေတီရင်ပြင်တော်ပေါ် သာယာလှပ သန့်ရှင်းစေဖို့အတွက် အပိုင်း ၂ ပိုင်းခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း စနစ်တကျ အစီအစဉ်တွေရေးဆွဲပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ နေရာတခုဖြစ်တဲ့အပြင် နှစ်စဉ်ပြည်တွင်း ပြည်ပလေ့လာသူတွေ၊ ဘုရားဖူးပြည်သူတွေ ၃ သန်း လောက် ၀င်ရောက်နေပြီး အစိုးရသစ်လက်ထက်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ဂေါပကသစ် လက်ထက်(၁)နှစ်အတွင်း ကျပ်သိန်းပေါင်း ၄ သောင်း ၁ ထောင် အလှူငွေရရှိခဲ့တယ်လို့ ဂေါပကရုံး မှတ်တမ်းတွေအရ သိရပါတယ်။