DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီများ ကြောက်ရွံ့ထိတ်လန့်ထွက်ပြေးခြင်းမဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာသွားခြင်းဖြစ်ဟု ကာချုပ်ပြော
DVB
·
October 13, 2017
ဘင်္ဂါလီများ ကြောက်ရွံ့ထိတ်လန့်ထွက်ပြေးခြင်းမဟုတ်ဘဲ အေးဆေးစွာ ထွက်ခွာသွားခြင်းဖြစ်ဟု ကာချုပ်ပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ရှိနေတဲ့ ဘင်္ဂါလီတွေအနေနဲ့ ကြောက်ရွံ့ထိတ်လန့်လို့ ထွက်ပြေးတာမျိုးမဟုတ်ဘဲ အေးဆေးစွာထွက်ခွာသွားကြတာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး တာတီရှီဟီဂူချီနဲ့ နေပြည်တော်မှာ မနေ့ကတွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ကိစ္စတွေနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ်ဆွေးနွေးရာမှာ ပြောကြားခဲ့တာလို့  တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာ့ပိုင်နက်နယ်မြေကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများမှာလည်း မိမိတို့မှ ထွက်ပြေးစေရန် မောင်းနှင်ထုတ်ခြင်း လုံးဝမရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုလည်း လုံးဝမရှိကြောင်း၊ ယင်းဘင်္ဂါလီများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်၍ ပြေးခြင်းမျိုးမဟုတ်ဘဲ အေးဆေး စွာထွက်ခွာ သွားခြင်း ဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရကြောင်း၊ အစိုးရအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက ထွက်ခွာခြင်းမပြုရန် ပြောဆိုသည်ကိုပင် လက်မခံကြောင်း” ပြောပါတယ်။

ရခိုင်ပြည်နယ်ဖြစ်စဉ်ကို ARSA အဖွဲ့နဲ့ ၎င်းတို့စည်းရုံးထားတဲ့ ဒေသခံဘင်္ဂါလီတွေက ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ၎င်းတို့နဲ့ ဘာသာတူ၊ လူမျိုးတူ၊ ယဉ်ကျေးမှုတူတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားကြတာလို့လည်း ပြောပါတယ်။

သြဂုတ် ၂၅ ရက်နေ့ တစ်ရက်တည်းမှာ တိုက်ခိုက်မှုဖြစ်စဉ် ၃၈ ခုဖြစ်ပွားခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၁ ဦးကျဆုံး၍ ၀န်ထမ်း ၂ ဦး အသတ်ခံရကြောင်း၊ စက်တင်ဘာ ၅ ရက်နေ့အထိ ဖြစ်စဉ်စုစုပေါင်း ၉၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသား ၂၃ ဦး အသတ်ခံရကြောင်း၊ ဟိန္ဒူဘာသာဝင် ၉၂ ဦး အသတ်ခံရပြီး ဘင်္ဂါလီအချင်းချင်း လည်လှီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၂ ယောက်ရှိကြောင်းလည်း တပ်မတော် အကြီးအကဲက ပြောပါတယ်။

ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာသူပေါင်း ၅၃၆,၀၀၀ ရှိပြီး ပြီးခဲ့တဲ့ ၂ရက်အတွင်း ၁၄,၀၀၀ လောက် နယ်စပ်ဖြတ်ကျော်လာတယ်လို့ ထုတ်ပြန်ပြောထားပါတယ်။

ဂျပန်နိုင်ငံ သံအမတ်ကြီးကတော့ ဂျပန်နိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နားလည်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်ရဲ့လုံခြုံရေးဆိုင်ရာတွေကို အပြုသဘောလုပ်ဆောင်နေတာကို သိရှိထောက်ခံပြီး မြန်မာပြည်ရဲ့ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ရပ်တည်ချက်မပြောင်းလဲဘဲ ဆက်လက်ကူညီ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဖြစ်စဉ်မှန်တွေကို နိုင်ငံတကာက သိရှိအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မမှန်ကန်သည့် သတင်းအချက် အလက်များအပေါ် သုံးသပ်၍ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှုဖြစ်နိုင်ကြောင်းလည်း ဂျပန်သံအမတ်ကြီးက အကြံပြုပါတယ်။

အဆိုပါ တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေ  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနဲ့ အတူ ဒုသံအမတ်ကြီး အီချီရိုမာရူယာမ တို့တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ-တပ်မတော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013