ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ အခန်းဆက် (အပိုင်း ၅)

(ဒုတိယနဲ့ တတိယ အင်္ဂလိပ်-ဗမာစစ်ပွဲ) (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ”အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။) (၈) ဒုတိယအင်္ဂလိပ်-ဗမာစစ်ပွဲ အေဒီ ၁၈၅၁ ခုနှစ်မှာ ရန်ကုန်က ဗမာမြို့တော်ဝန်ဟာ လျော့ရဲနေတဲ့ ရန်ကုန် ဆိပ်ကမ်းအခြေအနေနဲ့ ဆိပ်ကမ်းရဲ့ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်း မလိုက်နာမှု ဥပဒေ ချိုးဖောက်မှုတွေ၊ တရားမဝင် ခိုးသွင်းနေမှုတွေ၊  အခွန်နဲ့ ဒဏ်ကြေး မဆောင်မှုတွေကို ကိုင်တွယ်ဖို့ ဆောင်ရွက်ခဲ့တယ်။ တကယ်တော့ အဓိက စည်းကမ်းဖောက်ဖျက်သူတွေဟာ အင်္ဂလိပ်ကုန်သည် သင်္ဘောတွေသာ ဖြစ်တယ်။ အင်္ဂလိပ်ကုန်သည်တွေဟာ သူတို့ရဲ့ စည်းကမ်းချိုးဖောက်မှုကို ရန်ကုန် ဆိပ်ကမ်း အာဏာပိုင်တွေက ဒဏ်ကြေး ပေါင်စတာလင် ၁၀၀ ပေးဆောင်ဖို့ အမိန့်ချတာကို ငြင်းပယ်ခဲ့တဲ့အပြင် အရှေ့အိန္ဒိယကုမ္ပဏီကို တိုင်တန်းခဲ့ပါသေးတယ်။ ဒီလိုအခြေအနေကို အကွက်ကောင်း စောင့်နေတဲ့ ဒါလဟိုဇီဟာ ကွန်မင်ဒိုဗိုလ်မှူးလင်းဘတ်ကို အဲဒီပြဿနာကို ဖြေရှင်းဖို့ စေလွှတ်ခဲ့တယ်။ လင်းဘတ်ဟာ ငဖယ်က ပြောင်းပြန်သဘောနဲ့ စည်းကမ်းချိုးဖောက်တဲ့ အင်္ဂလိပ် ကုန်သည်တွေအတွက် နစ်နာကြေး တောင်းခဲ့တဲ့အပြင် ရန်ကုန်မြို့ဝန်ကို အပြစ်ပေးဖို့ကိုပါ တဖက်သတ် တောင်းဆိုခဲ့တယ်။ လက်နက်အားကိုးနဲ့ ဗိုလ်ကျတဲ့ ကိုလိုနီဂျပိုး လင်းဘတ်ဟာ ဘုရင်ခံ ဒါလဟိုဇီအမိန့်နဲ့ ခဲယမ်းမီးကျောက် လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ကိုလိုနီတပ်တွေပါတဲ့ တိုက်ခိုက်ရေးသုံး စစ်သင်္ဘောအုပ်စုနဲ့ ရောက်ရှိခဲ့တာ ဖြစ်တယ်။ ဒါဟာ အပြစ်မရှိတာကို အပြစ်ရှာဖို့ ကြိုးစားတဲ့ မြေခွေးတကောင်လို အိန္ဒိယဘုရင်ခံရဲ့ အင်္ဂလိပ်ကိုလိုနီ နယ်ပယ်ချဲ့ထွင်ရေးစီမံချက်သာ ဖြစ်တယ်။ ဗမာဘုရင်ဟာ သံတမန်နည်းနဲ့ ပြေလည်ရာ ပြေလည်ကြောင်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ရန်ကုန်မြို့ဝန်ကို ပြန်ခေါ်ခဲ့ပြီး နစ်နာတယ်ဆိုတဲ့ အင်္ဂလိပ်ကုန်သည်တွေကို လျော်ကြေးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်လယ်ဓားပြနဲ့တူတဲ့ ကိုလိုနီနယ်ချဲ့ဂျပိုး လင်းဘတ်ဟာ ဗမာဘုရင်ရဲ့ ကျေအေးအောင် ဆောင်ရွက်မှုကို လူသိရှင်ကြား ငြင်းပယ်ခဲ့ပြီး ဘုရင်ပိုင် သင်္ဘောတစင်းကို စီးနင်းတိုက်ခိုက်ခဲ့တယ်။ ဗမာတပ်နဲ့ အင်္ဂလိပ်တပ်တွေ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး ရန်ကုန်ဆိပ်ကမ်းရေပြင်လည်း မီးဟုန်းဟုန်းတောက်ခဲ့တယ်။ ဘာကြောင့် လင်းဘတ်ဟာ ဒီလိုပြုမူရန်ရှာခဲ့တာလည်း။ သူ့မှာ ဒီလို ဥပဒေမဲ့တဲ့ လုပ်ရပ်ကို အကောင်ထည်ဖော်ဖို့ လျှို့ဝှက်ညွှန်ကြားချက် ပါခဲ့သလား။ ဒီလိုနဲ့ ဗမာတွေဘက်က မပြင်ဆင်ထားတဲ့ ဒုတိယအင်္ဂလိပ်-ဗမာစစ်ပွဲဟာ စစ်သွေးဆာနေတဲ့ အင်္ဂလိပ် ဗိုလ်မှူးလင်းဘတ်နဲ့ အိန္ဒိယဘုရင်ခံ လော့ဒါလဟိုဇီတို့ရဲ့ သွေးထိုးလှုံ့ဆော်ပေးမှုနဲ့ ဖြစ်ပွားခဲ့ရတယ်။ ဒါလဟိုဇီဟာ ရန်ကုန်ကို စစ်အင်အားအပြည့်နဲ့ သိမ်းယူဖို့ ပြင်ဆင်ရင်း ဗမာဘုရင်ကို အောက်ပါအတိုင်း ရာဇသံပေးခဲ့တယ်။ (၁)  ဗမာဘုရင်ဟာ ရန်ကုန်မြို့ဝန်ကို သူ့ရာထူးကနေ ဖယ်ရှားပစ်ရမယ်။ (၂) ဗမာတွေဘက်က အင်္ဂလိပ်ကိုယ်စားလှယ်တွေ စော်ကားခံရမှုအတွက် အရှေ့ အိန္ဒိယကုမ္ပဏီကို တရားဝင် တောင်းပန်ရမယ်။ (၃) ဗမာဘုရင်က ထိခိုက်ပျက်စီးသွားရတဲ့ အင်္ဂလိပ်စစ်သင်္ဘောအတွက် လျော်ကြေးအဖြစ် ပေါင်စတာလင် ၁ သိန်း သင်္ဘောကပ္ပတိန်ကို ပေးအပ်ရမယ်။ (၄) ရန္တပိုစာချုပ် ဖြည့်ဆည်းမှုအဖြစ် ရန်ကုန်မှာ အရှေ့အိန္ဒိယကုမ္ပဏီ ဌာနေ ကိုယ်စားလှယ်ရုံးစိုက်ခွင့်ကို ဗမာဘုရင်မှ အသိအမှတ်ပြုရမယ်။ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အပြစ်ရှာ တောင်းဆိုမှုဟာ သံတမန်နည်းလည်း မကျ၊ မျှတမှုလည်း မရှိတဲ့အပြင် ရက်စက်ကြမ်းကြုတ်တဲ့ ပြန်ပေးဓားပြ အပြုအမူမျိုးပါပဲ။ ကိုလိုနီနယ်ချဲ့ ဘီလူးတွေရဲ့ လောဘဇောနဲ့ အာသာဟာ အတောမသတ်နိုင်တာမို့ ပုသိမ်၊ ပဲခူး၊ ပြည်နဲ့ မြေထဲ၊ သရက်ထိအောင် အင်္ဂလိပ်တပ်တွေ ရောက်ရှိခဲ့ပြီး  ဧရာဝတီမြစ်ဝကျွန်းပေါ် တခုလုံး အပါအဝင် အောက်မြန်မာပြည်တခုလုံးဟာ သဘောတူစာချုပ် မချုပ်ဆိုရဘဲ၊ စစ်ပြေငြိမ်းကြောင်း မကြေညာရဘဲ အင်္ဂလိပ်ကိုလိုနီ လက်အောက် အလိုလို ရောက်ခဲ့ရတယ်။ ဒါကြောင့်မို့ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲကို အကြောင်းမရှိ အကြောင်းရှာ သွေးဆာနေတဲ့ ကိုလိုနီနယ်ချဲ့စစ်ပွဲသက်သက်လို့ သတ်မှတ်ရမှာ ဖြစ်တယ်။ ဘကြီးတော်မင်းနဲ့ ပုဂံမင်း အုပ်စိုးတဲ့ ကာလတွေဟာ ဗမာပြည်သူတွေအတွက်တော့ သွေးနဲ့ မျက်ရည်ဝေခဲ့ရတဲ့ အချိန်တွေလို့ ဆိုရမှာပါ။ ပုဂံမင်းရဲ့ တပ်တွေဟာ ပုန်ကန်ခြားနားတဲ့ မင်းတုန်းမင်းသားနဲ့ ကနောင်မင်းသားကို ဖမ်းဆီးမိန့်ထုတ်ခဲ့တယ်။ မင်းသားနှစ်ပါးဟာ ရွှေဘိုနယ်ဘက် တိမ်းရှောင်ရင်း လူသူစုရုံးပြီး ပုဂံမင်းကို ပြန်လည် တိုက်ခိုက်ခဲ့တယ်။  အဲ့ဒီမှာ လွှတ်တော် မှူးကြီးမတ်ရာတွေက မင်းတုန်းမင်းသားကို ထောက်ခံခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ နန်းတင်ပေးခဲ့ချိန်မှာတော့ ဗမာပြည်တဝက်ဟာ သရက်မြို့ထိတိုင်အောင် အင်္ဂလိပ်ကိုလိုနီ လက်အောက် ရောက်ရှိခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့်လည်း အဲဒီအကျခေတ်ထဲမှာပဲ ကြီးကျယ်ခမ်းနားတဲ့ စာပေအနုပညာ လှုပ်ရှားမှုတွေ ဖြစ်ထွန်းခဲ့တယ်။ စာဆို စာတတ် အကျော်ဇေယျ များစွာ ပေါ်ထွန်းခဲ့တယ်။ အထင်ရှားဆုံး စာပေမှတ်တိုင်တခုကတော့ ဗမာ့သမိုင်း ရာဇဝင်နဲ့ အောင်မြင်မှုတွေကို အခန်း ၅ ခန်းနဲ့ ဖွဲ့စည်းမှတ်တမ်းတင်ခဲ့တဲ့ ဗမာဘုရင်တွေရဲ့ မှန်နန်းရာဇဝင်တော်ကြီးပဲ ဖြစ်တယ်။ အဲဒီ မှန်နန်းရာဇဝင်တော်မှာပါတဲ့ သမိုင်းခေတ် ၅ ခေတ်ဟာ ဗမာနိုင်ငံမှာတင် ဖြစ်ပျက်နေတာတွေသာမက အရှေ့တောင်အာရှတခွင်လုံးရဲ့ ရှေးခေတ်သမိုင်းတွေထိ ပါဝင်တယ်။ တူတော်မောင် မြင်ကွန်းနဲ့ မြင်းခုံတိုင်မင်းသား နှစ်ပါးရဲ့ လုပ်ကြံမှုကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ အိမ်ရှေ့စံ ညီတော် ကနောင်မင်းသားကြီး အကူအညီနဲ့ မင်းတုန်းမင်းဟာ လက်နက်ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်တဲ့ စက်ရုံတွေ အပါအဝင် စက်ရုံပေါင်းများစွာကို မန္တလေးမှာ တည်ခဲ့တယ်။ တဖက်မှာ ပဉ္စမသင်္ဂါယနာတင်ပွဲကြီး ကျင်းပနိုင်ခဲ့လို့ ဗုဒ္ဓသာသနာ စည်ပင် ထွန်းကားသလိုမျိုး ရှိနေသလို အခြားတဖက်မှာလည်း မအောင်မြင်ခဲ့တဲ့ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းလို ပုန်ကန်ခြားနားမှုတွေ၊ နန်းတွင်းရေး ကယောက်ကယက်တွေက တဖက်နဲ့ အဲဒီအချိန်က ဗမာ့နိုင်ငံရေး အခြေအနေဟာလည်း ရှုပ်ထွေးခြင်းများစွာနဲ့ သပွတ်အူ လိမ်နေခဲ့တယ်။ (၉) တတိယအင်္ဂလိပ်-ဗမာစစ်ပွဲ အောက်ဗမာပြည်က အင်္ဂလိပ်ကိုလိုနီအောက် ရောက်လို့ အထက်ဗမာပြည်သာ ဗမာဘုရင်အုပ်ချုပ်မှုအောက် ရှိတော့တဲ့အချိန်မှာ ဗမာနိုင်ငံတော်ဟာ အရင်တုန်းက ဂုဏ်ရှိန်မြင့်ခဲ့ဖူးတဲ့ အာရှရဲ့ အင်အားကြီးအင်ပါယာ နိုင်ငံတော်အဆင့်ကနေ ကျဆင်းခဲ့ပါပြီ။ အထက်ဗမာပြည်မှာ နန်းတွင်းရေးပြဿနာများစွာနဲ့ ရှုပ်ထွေးနေတုန်း အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်နေတဲ့ အောက်ဗမာပြည်မှာတော့ အိန္ဒိယကူလီ လယ်စာရင်းငှားတွေ ခေါ်သွင်းပြီး ဆန်စပါးစိုက်ပျိုးရေးကို တိုးချဲ့နိုင်တာမို့ စီးပွားရေးဖွံ့ဖြိုးလာခဲ့တယ်။ မင်းတုန်းမင်း နာမကျန်းဖြစ်လို့ သေလွန်မယ့် နောက်ဆုံးအချိန်ကို ရင်ဆိုင်ရချိန်မှာတော့ ဗမာ့နန်းတွင်းရေးဟာ နန်းမွေဆက်ခံဖို့ အာဏာလုပွဲတွေနဲ့ ပိုမိုရှုပ်ထွေးလာခဲ့တယ်။ အဲဒီအချိန်မှာ မိဖုရားခေါင်ကြီးဖြစ်တဲ့ ဆင်ဖြူမရှင်မိဖုရားကြီးဟာ ကင်းဝန်မင်းကြီး အကူအညီနဲ့ မင်းတုန်းမင်းရဲ့ တခြား သားတော်သမီးတော် မင်းညီမင်းသား ၄၀ ကို ဖမ်းဆီးပြီး သတ်ဖြတ်သုတ်သင်စေခဲ့တယ်။ ဆင်ဖြူမရှင်မိဖုရားကြီးဟာ လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ မင်းသားငယ်တပါးဖြစ်တဲ့ သီပေါမင်းသားကို ၁၈၇၈ ခုနှစ်မှာ နန်းတင်ပေးခဲ့ပြီး သူမရဲ့ သမီးတော် စုဖုရားလတ်ကို မိဖုရားကြီး ဖြစ်လာစေခဲ့တယ်။ ဒီလိုနဲ့ ဆင်ဖြူမရှင်မိဖုရားကြီးနဲ့ ကင်းဝန်မင်းကြီးဟာ သီပေါမင်း အုပ်စိုးစဉ်ကာလ ၇ နှစ် အတောအတွင်းမှာ အဓိက အာဏာကြိုးကိုင်သူတွေ ဖြစ်လာခဲ့ကြတယ်။ ရုပ်ဆိုးအကျည်းတန်လှတဲ့ အဲဒီနန်းတွင်းအာဏာလုပွဲအပြီး မကြာခင် နှစ်အနည်းငယ်အတွင်းမှာပဲ ရန်ဘက် ပြိုင်ဘက်တွေဖြစ်တဲ့ အင်္ဂလိပ်နဲ့ ဗမာတွေကြားမှာ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့တယ်။ လတ်တလော အကြောင်းအရင်းကတော့ ခွင့်ပြုထားချက်ထက် ကျော်လွန်ပြီး သစ်ခိုးထုတ်ခဲ့တဲ့ ဘုံဘေဘားမား သစ်ကုမ္ပဏီအပေါ် ချမှတ်ခဲ့တဲ့ စီရင်ချက်ပေါ် အခြေခံလာခဲ့တာပါ။ အင်္ဂလိပ်တွေဟာ အဲဒီစီရင်ချက်ကို လက်မခံဘဲ ဗမာဘုရင်ထံ ရာဇသံပို့ခဲ့တယ်။ ရာဇသံကို ဗမာတွေဘက်က လက်မခံခဲ့တာမို့ တတိယအင်္ဂလိပ်-ဗမာစစ်ပွဲရဲ့ ပထမနေ့ ဖြစ်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဗြိတိသျှကိုလိုနီတပ်တွေ စုရုံးလို့ နယ်နိမိတ်မျဉ်းဖြစ်တဲ့ သရက်မြို့ကို ကျော်ဖြတ်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ ဉာဏ်များတဲ့ ကိုလိုနီနယ်ချဲ့တွေဟာ သီပေါမင်းကို နန်းချမှာ မဟုတ်ဘူး။ သူ့ကို အိန္ဒိယဘုရင်လိုပဲ တန်းတူထား အဆင့်အတန်းပေးပြီး အင်္ဂလိပ်တွေရဲ့ စောင့်ရှောက်မှုအောက်မှာ ထားမယ်လို့ ရည်ရွယ်ချက်ရှိရှိ ကောလာဟလ သတင်းတွေ လွှင့်ထားခဲ့တယ်။ အင်္ဂလိပ်စစ်သင်္ဘောတွေဟာ ခုခံမှုတွေ မကြုံခဲ့ရဘဲ အင်းဝကို အလွယ်တကူ ကျော်ဖြတ်ပြီး မန္တလေးကို ရောက်လာခဲ့တယ်။ ကိုလိုနီတပ်တွေဟာ ကမ်းပေါ် တက်လာကြပြီး ရွှေနန်းတော်ကြီးကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဝိုင်းရံလိုက်ကြတယ်။ ပြီးတော့ ဗမာဘုရင်နဲ့ မိဖုရားကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းဆီး ခေါ်ဆောင်သွားနိုင်တာမို့ ၁၁ ရက်သာ ကြာမြင့်ခဲ့တဲ့ အကောက်ကြံစစ်ပွဲနဲ့ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့တွေ အောင်ပွဲခံ အနိုင်ယူသွားခဲ့တယ်။ အဲဒီအချိန်ကစလို့ ဗမာတို့ရဲ့ တတိယ အင်ပါယာနိုင်ငံတော်ကြီး နိဂုံးသပ်ခဲ့ပြီး ဗြိတိသျှကိုလိုနီလက်အောက်ခံ ကျွန်ဘဝ စာမျက်နှာသစ် စတင်ခဲ့ရတော့တယ်။ နောက်တနေ့ နံနက်ခင်း နန်းတော်တွင်းထဲမှာတော့ ၄၅ မိနစ်အတွင်း အထုတ်အပိုး ပြင်ရမယ်ဆိုတဲ့ ကာနယ်စလေဒင်ရဲ့ အမိန့်နဲ့အတူ နန်းကျဘုရင် သီပေါမင်းနဲ့ မိဖုရား စုဖုရားလတ်တို့ဟာ အဝတ်အစား အချို့နဲ့ လက်ဝတ်ရတနာအနည်းငယ်သာ ယူနိုင်ပြီး အလုံပိတ် နွားလှည်းတစီးနဲ့ မြို့အနောက်တံခါးက ထုတ်ယူခေါ်ဆောင်ခြင်း ခံခဲ့ရတယ်။ လမ်းဘေး ဝဲယာ တဖက်တချက်မှာတော့ တိုင်းသူပြည်သားတွေဟာ သူတို့ရဲ့ နောက်ဆုံးဘုရင်နဲ့ မိဖုရားကို တိုင်းတပါးထံ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စော်ကားမှုကို အားကိုးရာမဲ့ ဝမ်နည်းကြေကွဲစွာ  စောင့်ကြည့်နေခဲ့ကြရတယ်။ အဲဒီလိုကြေကွဲစရာ မင်းနှစ်ပါး ပါတော်မူခန်းကို မြင်တွေ့ရသူတိုင်းဟာ စိတ်နှလုံး ထိခိုက်စရာကောင်းလွန်းတာမို့ သူတို့ရဲ့မျက်ဝန်းတွေဟာ မျက်ရည်တွေနဲ့ ပြည့်လျှံနေခဲ့ကြတယ်။ အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတောင်မှ အဲဒီလို နာကြည်းကြေကွဲစရာ အရှင်နှစ်ပါး ပါတော်မူခန်းမြင်ကွင်းဟာ တသက်လုံးအတွက် သေရာပါ စိတ်ဒဏ်ရာ ဖြစ်စေခဲ့တယ်။ ဒါကြောင့်မို့လည်း မျိုးချစ်ရဟန်းအကျော် ဆီးဘန်နီဆရာတော်က သူ့ရဲ့ “ပါတော်မူတမ်းချင်း” သံဝေဂရတု ဧကပိုဒ်ထဲက အချပါဒမှာ အောက်ပါအတိုင်း ရေးစပ်ကျုးရင့် လှုံ့ဆော်ခဲ့တယ်။ “ပါတော်မူတမ်းချင်း” သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍ ကုန်းဘောင်နေမီး မထိန်ညီးက တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်) ထီးသုဉ်း နန်းသုဉ်း၊ မြို့ သုဉ်းသုည၊ သုဉ်းသုံးဝဖြင့် သုဉ်းရပြန်လစ်၊ သုညခေတ်ဝယ် ဖြစ်လာရလေ၊ ဒို့တတွေသည် သေသော်မှတည့်၊ သြော် ကောင်း၏။ ဆိုလိုတဲ့ သဘောက အရှင်နှစ်ပါး ပါတော်မူရပြီးတဲ့နောက် မြန်မာ့ဦးစွန်း ယွန်းခဲ့ရလို့ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းလည်း မရှိ၊ ကိုးကွယ်ရာ ဘာသာ ဆိတ်သုဉ်း၊ ဆောက်တည်ရာ မြို့တော်လည်း ယိုယွင်း ဆိတ်သုဉ်းခဲ့ရတဲ့ ဘဝထက်စာရင် သေရတာက ပိုကောင်းပါလိမ့်မယ် ဆိုတဲ့သဘောပါပဲ။ အပိုင်း (၆) ဆက်ရန် ...... မင်းကောင်းချစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up