တာဆန်းတံတား ကျောက်စီခုံ ပြိုကျမှုကြောင့် ယာဉ်ဖြတ်သန်းမှု ခေတ္တရပ်ဆိုင်း
DVB
·
October 12, 2017
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်တို့ ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတား တာဆန်းကြိုးတံတားဟာ အောက်တိုဘာ ၁၀ ရက်နေ့ ညဦးပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဆိုင်းကြိုးခုံကို ထိန်းပေးထားတဲ့ ကျောက်စီနံရံ ပြိုကျခဲ့လို့ ယာဉ်ဖြတ်သန်းမှု ၃ ရက်လောက် ရပ်ဆိုင်းထားရပါတယ်။
ခရီးသည်တဦးက “အရှေ့ဘက်ကမ်း တံတား ကျောက်စီခုံက လတ်တလော ဖယ်ရှားရင် ထပ်ပြိုကျလာနိုင်ပြီး တံတားကို အန္တရာယ်ဖြစ်လာနိုင်တယ်လို့တော့ ပြောနေကြတယ်။ အခု လောလောဆယ်တော့ ယာဉ်အားလုံး ဖြတ်သန်းခွင့်ကို ပြည်နယ်အစိုးရက ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ လူတွေပဲ သွားလာခွင့်ပြုထားတယ်” လို့ ပြောပါတယ်။
အဆိုပါ ကျောက်စီခုံပြိုကျခဲ့မှုကြောင့် တံတားဆိုင်းကြိုးခုံ အက်ကွဲနေလာနေပြီး တံတားပေါ် ယာဉ်ဖြတ်သန်းပါက တံတားပျက်စီးလာနိုင်တာကြောင့် ရှမ်းပြည်နယ်အစိုးရက ယာဉ်တွေ ဖြတ်သန်းသွားလာမှုကို အောက်တိုဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ယာယီပိတ်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ် အခြေအနေအရ နှစ်ဖက်ခရီးသွားတွေကို တံတားပေါ်မှာ တပိုင်တနိုင် ပစ္စည်းသယ်ယူ ဖြတ်သန်းစေပြီး ယာဉ်ငယ်တွေနဲ့သာ ခရီးစဉ် ရပ်တန့်မှု မရှိစေရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - အောင်ဇေယျ(မိုင်းတုံ)