Homeမြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့စစ်ဆေးရေးဂိတ်အနီး စိတ်ကြွဆေးပြား ကျပ် ၈၅ သိန်းကျော် ဖမ်းမိ
မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့စစ်ဆေးရေးဂိတ်အနီး စိတ်ကြွဆေးပြား ကျပ် ၈၅ သိန်းကျော် ဖမ်းမိ
DVB
·
October 11, 2017
မြန်မာ-ထိုင်း နယ်စပ် မောတောင်မြို့စစ်ဆေးရေးဂိတ်အနီးတွင် အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲခန့်က စိတ်ကြွမူးယစ်ဆေး တန်ဖိုး ၈၅ သိန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မောတောင်နယ်စပ် ဂိတ်တာဝန်ခံ ရဲအုပ်ဝင်းဇော်အဖွဲ့နဲ့ ခလရ (၁၇)မှ ဗိုလ်ကြီး ကျော်စိုးသိန်းတို့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မောတောင်နယ်စပ်ဂိတ်အနီး စောင့်ဆိုင်းနေစဉ် စစ်ဆေးရေးဂိတ်အနီး လူငယ်နှစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာတဲ့အတွက် ပိုင်စိုးဝေ (၂၄-နှစ်) နဲ့ ချစ်ဆန်းမောင် (၁၉-နှစ်) ဖြစ်ပြီး ချစ်ဆန်းမောင် လွယ်ထားတဲ့အိတ်ကို သက်သေတွေရှေ့မှာ စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၇၁၄ ပြား၊ တန်ဖိုးငွေ ၈,၅၇၀,၀၀၀ ကျပ်(ဒေသပေါက်ဈေး)ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်မှာ ကျွန်တော့အဖွဲ့ရယ်၊ ခလရ(၁၇)က ဗိုလ်ကြီး ကျော်စိုးသိန်းအဖွဲ့၊ စရဖအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့က နေ့ရော ညရော လုံခြုံရေးအတွက် စစ်ဆေးပါတယ်။
မောတောင်နယ်စပ်ဂိတ်တာဝန်ခံ ရဲအုပ်ဇော်ဝင်းက “တရားမဝင် ဝင်ရောက်လာတဲ့သူတွေ ရှိ၊ မရှိ၊ ဘင်္ဂါလီတွေ ဝင်ရောက်မှု ရှိ၊ မရှိ၊ မသင်္ကာတာတွေကို အဖွဲ့ပေါင်းစုံက စစ်ဆေးတယ်။ ညတုန်းကတော့ ၁၀ နာရီခွဲလောက်မှာ ကောင်လေး နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ မသင်္ကာလို့ ဂိတ်နားမှာတွေ့တော့ ပိုင်စိုးဝေ မောင်းနှင်လာတဲ့ ဆိုင်ကယ်ရပ်ခိုင်းပြီး ခေါ်စစ်လိုက်တာ ချစ်ဆန်းမောင် လွယ်ထားတဲ့ အိတ်ထဲက WY စိတ်ကြွဆေးပြား ၁၇၁၄ ပြားကို သူတို့ဆီက မိပါတယ်”လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိပြီး ပူးပေါင်းရောင်းချသုံးစွဲသူ ပိုင်စိုးဝေနဲ့ ချစ်ဆန်းမောင်တို့ကို မောတောင်မြို့မရဲစခန်းမှ မယ(ပ) ၂/၂၀၁၇ ၊ မူး/စိတ်ပုဒ်မ ၁၅ /၁၉ (က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)