Live
Home
ဆောင်းပါး
လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် အစ္စလာမ္မစ်နိုင်ငံများ
DVB
·
October 11, 2017
  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတန်း Universal Declaration of Human Rights (UDHR) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယအကြိမ် အစည်းအဝေးက အတည်ပြုခဲ့သည်။ အဆိုပါ ကြေညာစာတမ်းတွင် လူတဦးချင်း လွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့် အချက်ပေါင်း ၃၀ ကို ဖော်ပြထားသည်။ အဆိုပါအချက်များမှာ ဥပဒေအရ စည်းနှောင်ထားခြင်း မရှိသော်လည်း၊ နောက်ပိုင်း နိုင်ငံတကာစာချုပ်များ၊ စီးပွားရေးဆိုင်ရာ လွှဲပြောင်းမှုများ၊ ဒေသဆိုင်ရာ လူ့အခွင့်အရေး သတ်မှတ်ခြင်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားသောဥပဒေများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအခြေခံ ရပိုင်ခွင့်များ (International Bill of Human Rights)တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတန်းအပြင် စီးပွားရေး၊ လူမှုရေးနှင့် စာပေယဉ်ကျေးမှု အခွင့်အရေးများနှင့် ပတ်သက်သော နိုင်ငံတကာပဋိညာဉ်နှင့်နဲ့ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်သော နိုင်ငံတကာပဋိညာဉ်တို့ ပါဝင်သည်။  ၁၉၆၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ပိုမိုအသေးစိတ်ကျသည့် ပဋိညာဉ်နှစ်ခုကို အတည်ပြုလိုက်သည့်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အခြေခံရပိုင်ခွင့်များမှာ ပိုမို ပြည့်စုံသွားလေသည်။ အချို့သော ဥပဒေပညာရှင်များက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR)ပါ စာပိုဒ်များသည်၊ နိုင်ငံအားလုံးကို စည်းနှောင်ထားသည့် ဓလေ့ထုံးတမ်းစဉ်လာ နိုင်ငံတကာဥပဒေ (Customary international law) တွင် ရောယှက် ပါဝင်နေပြီး ဖြစ်သည်ဟု ပြောဆိုနေသော်လည်း၊ အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်က “ဆိုဆာနှင့် အယ်လ်ဗားရက်ဇ် မက်ခိန်း” (Sosa v. Alvarez-Machain)  အမှုတွင် (UDHR) ကြေညာစာတမ်းသည် နိုင်ငံတကာဥပဒေအဖြစ် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းပေးထားခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ရးဆွဲခဲ့သည့် သမိုင်းကြောင်း ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေစဉ် အတောတွင်း မဟာမိတ်နိုင်ငံများသည် လွတ်လပ်ခွင့် ၄ မျိုးကို ၎င်းတို့ တိုက်ခိုက်နေသည့် စစ်ပွဲ၏ ရည်မှန်းချက်အဖြစ် ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ ၄ မျိုးမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေးနှင့် အလိုမပြည့်ခြင်းမှ ကင်းဝေးရေးတို့ ဖြစ်ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ ကြေညာချက် United Nations Charter က အခြေခံလူ့အခွင့်အရေးများ၊ လူ့ဂုဏ်သိက္ခာနှင့် တန်ဖိုးကို ယုံကြည်ကြောင်း ထပ်မံ အတည်ပြုသည်။ ဒုတိယကမ္ဘာစစ်ကြီ ပြီးသည့်နောက် ဂျာမနီနာဇီတို့ ကျူးလွန်ခဲ့သော လူမျိုးရေး ရက်စက်ကြမ်းကြုတ်မှုများကို ရှင်းလင်းစွာ သိမြင်လာကြသောအခါ ကုလသမဂ္ဂအဖွဲ့ကြီး၏ ချာတာမှာ ၎င်း ရည်ရွယ်ထားသည့် အခွင့်အရေးများကို ပြည့်စုံလုံလောက်စွာ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ကြောင်း ဆွေးနွေးကြသည်။ ကုလသမဂ္ဂချာတာတွင် ပါဝင်သော လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များကို ထိရောက်မှုရှိစေရန် လူတဦးချင်းစီ၏ အခွင့်အရေးကို အထူးပြုသည့် အပြည်ပြည်ဆိုင်ရာ ကြေညာချက်တခု လိုအပ်နေကြောင်း ဆွေးနွေးကြသည်။ ၁၉၄၆ ခုနှစ် ဇွန်လတွင် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီက လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။ အဆိုပါကော်မရှင်တွင် လူမျိုးနှင့် နိုင်ငံရေးနောက်ခံ အစုံရှိကြသည့် ကော်မရှင်အဖွဲ့ဝင် ၁၈ ဦး ပါဝင်ပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးအခြေခံ ရပိုင်ခွင့်များကို ဦးဆောင်ဖော်ထုတ်ရန် တာဝန်ပေးလိုက်ကြသည်။ အဆိုပါကော်မရှင်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး အထူးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပြန်ကာ အမေရိကန်သမ္မတ ရုစဗဲ့လ်တ်၏ ဇနီး၊ အယ်လီနာ ရုစဗဲ့လ်တ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ကြေညာစာတမ်း အဓိကမူကြမ်း ရေးသားသူမှာ ကနေဒီယန်နိုင်ငံသား ဂျွန် ပီတာ ဟမ်ဖရေး (John Peters Humphrey) ဖြစ်ပြီး၊ ကုလသမဂ္ဂအတွင်းရေးမှူး အဖွဲ့အတွင်းမှ လူ့အခွင့်အရေးဌာန၏ ဒါရိုက်တာတယောက် ဖြစ်သည်။ ဤကော်မတီတွင်းသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ တာဝန်ပေးချက်ဖြင့် ပါဝင်လာခြင်း ဖြစ်သည်။ လူသိများသော အခြားအဖွဲ့ဝင်များမှာ ပြင်သစ်မှ ရီနီကက်စင် (Rene Cassin)၊ လက်ဘနွန်မှ ချားလ်စ်မာလစ် (Charles Malik)၊ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)မှ ပီ စီ ချန်း (P.C. Chang) တို့ ဖြစ်ကြပြီး ဟမ်ဖရေးက ကနဦး မူကြမ်းကို ရေးသားခဲ့သည်။ ၁၉၄၈ ခုနှစ် မေလတွင် မူကြမ်းရေးဆွဲပြီးသည့်အခါ လူ့အခွင့်အရေးကော်မရှင်၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ အထွေထွေညီလာခံ၏ တတိယကော်မတီတို့က ဆက်လက် ဆွေးနွေးကြပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် မဲခွဲ အတည်ပြုခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းကြသည့် အတောအတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ပြင်ဆင်ချက် အဆိုပြုချက်များလည်း လုပ်ခဲ့ကြသည်။ ထိုစဉ်က ဗြိတိသျှ ကိုယ်စားလှယ်များက လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ကျင့်ဝတ်အရသာဖြစ်ပြီး ဥပဒေဆိုင်ရာ တာဝန်ရှိမှု မပါသဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်ကြလေသည်။ (ထိုသို့ ဥပဒေအရ စည်းနှောင်မှုမရှိသည့် အခြေအနေမှာ ကြေညာစာတမ်းပါ အချက်အများစုကို ဥပဒေဆိုင်ရာ အဆင့်အတန်း ရှိလာစေသည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (International Covenant on Civil and Political Rights) အသက်ဝင်လာသော ၁၉၇၆ ခုနှစ်အထိ ရှည်ကြာခဲ့သည်။) ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲခဲ့ရာ ထောက်ခံမဲ ၄၈ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၈ မဲ ရခဲ့သဖြင့် ဆုံးဖြတ်ချက်အမှတ် 217-A ဖြင့် အတည်ပြုခဲ့သည်။ ထိုစဉ်က ကြားနေမဲ ပေးခဲ့ကြသည့် နိုင်ငံများမှာ ဆိုဗီယက်ယူနီယံ၊ ယူကရိန်း၊ ဘိုင်လိုရပ်ရှား၊ ယူဂိုဆလပ်ဗီးယား၊ ပိုလန်၊ တောင်အာဖရိက၊ ချက်ကိုဆလိုဗက်ကီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဖြစ်ကြသည်။ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်နေပြီဖြစ်သော ဟွန်ဒူးရပ်စ်နှင့် ယီမင်နိုင်ငံများသည်လည်း မဲပေးရန် ပျက်ကွက်ခဲ့ကြလေသည်။    တောင်အာဖရိကနိုင်ငံက ကြားနေမဲပေးခဲ့ခြင်းမှာ ထိုစဉ်က ၎င်း၏ အသားအရောင် ခွဲခြားရေးစနစ် ကျင့်သုံးနေမှုကြောင့်ဖြစ်ပြီး၊ ထိုအချက်က ကြေညာာစာတန်းပါ မည်သည့်အပိုဒ်နှင့်မဆို ဆန့်ကျင်နေခဲ့သည့်အတွက် ဖြစ်သည်။ ဆော်ဒီအာရေဗျက ကြားနေမဲပေးခဲ့ခြင်းမှာ ကြေညာစာတန်းပါ အပိုဒ် ၁၆ နှင့် ၁၈ တို့ကြောင့် ဖြစ်လေသည်။ အပိုဒ် ၁၆ က ကျားမ တန်းတူညီမျှသော လက်ထပ်ခွင့်ရှိရေး ဖြစ်ပြီး၊ အပိုဒ် ၁၈ က လူတိုင်း လွတ်လပ်စွာ ဘာသာကူးပြောင်း ကိုးကွယ်ခွင့်ရှိရေး ဖြစ်သည်။ ကွန်မြူနစ်နိုင်ငံ ၈ နိုင်ငံက ကြားနေမဲပေးရခြင်း အကြောင်းမှာ၊  ကြေညာစာတမ်းက ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒကို လုံလောက်စွာ ရှုတ်ချပြောဆိုထားခြင်း မရှိသည့်အတွက်ကြောင့်ဟု ဆိုလေသည်။ သို့သော် အယ်လီနာ ရုစဗဲ့လ်တ်က ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ မဲမပေးဘဲ ပျက်ကွက်ကြခြင်းမှာ အပိုဒ် ၁၃ ပါ နိုင်ငံသားများ ၎င်းတို့၏ တိုင်းပြည်မှ လွတ်လပ်စွာ ထွက်ခွာခွင့်ရှိရေး ဆိုသည့် အပိုဒ်ကြောင့် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံမှာ အခြားသော ၄၇ နိုင်ငံတို့နှင့်အတူ ထောက်ခံမဲပေးခဲ့သလို၊ အာဖဂန်နစ္စတန်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ လက်ဘနွန်၊ ပါကစ္စတန်၊ ဆီးရီးယား၊ တူရကီ စသည့် အစ္စလမ်မစ်နိုင်ငံများကလည်း ထောက်ခံမဲပေးခဲ့ကြလေသည်။ အစ္စလာမ္မစ်နိုင်ငံများမှ တုံ့ပြန်မှုများ ဘာသာရေး မစွက်ဖက်သည့် (Secular state) မူဆလင် လူဦးရေအများစု လွှမ်းမိုးသော တူရကီနိုင်ငံသည် ၁၉၄၈ ခုနှစ်ကပင် ကြေညာစာတမ်းကို လက်မှတ်ထိုးခဲ့သည်။ သို့သော်လည်း ကြားနေမဲ ပေးခဲ့သော ဆော်ဒီအာရေဗျနိုင်ငံက ထိုနှစ်ထဲမှာပင် လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ရှာရီယာဥပဒေကို ချိုးဖောက်ကြောင်း ကြေညာခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ် ဆာအိရာဂျအီ-ခိုရာစနီ (Said Rajaie-Khorassani) က “ကြေညာစာတန်းသည် ဂျူး-ခရစ်ယာန် (Judeo-Christian) ထုံးတမ်းစဉ်လာကို ဘာသာရေး မစွက်ဖက်သည့် နားလည် လက်ခံမှုပင် ဖြစ်ကြောင်း၊ ရှာရီယာဥပဒေနှင့် ပဋိပက္ခမဖြစ်စေဘဲ မူဆလင်များက အသုံးပြု၍မရကြောင်း” ပြောကြားခဲ့သည်။ ၁၉၉၀ ပြည့်နှစ် သြဂုတ်လတွင် အစ္စလမ်မစ်နိုင်ငံများ ဖြစ်ကြသော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများက အစ္စလမ်ဘာသာနှင့် ကိုက်ညီသော လူ့အခွင့်အရေး ကြေညာစာတမ်းကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ရေးဆွဲပြီး ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၃၀ ရက်နေ့တွင် OIC – Organisation of Islamic Conference (ယခုအခေါ် - Organisation of Islamic Cooperation) အဖွဲ့ဝင်များက အစ္စလမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုင်ရို ကြေညာစာတမ်းကို ထောက်ခံ အတည်ပြုကြောင်း တရားဝင် ကြေညာခဲ့လေသည်။ အဆိုပါ ကိုင်ရို ကြေညာစာတမ်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့်အပြိုင် အခြား ရွေးချယ်စရာ အော်လတာနေးတစ် တခု ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အစ္စလမ်မစ် ရှာရီယာနှင့်အညီ ဂုဏ်သိက္ခာရှိပြီး လွတ်လပ်သောဘဝကို၊ လူမျိုး၊ အသားအရောင်၊ ဘာသာစကား၊ လိင်၊ ယုံကြည်ကိုးကွယ်မှု၊ နိုင်ငံရေးခံယူချက်၊ လူမှုအဆင့်အတန်း စသည့် နောက်ခံ အခြေအနေများ ခွဲခြားမှု မရှိဘဲ ရရှိ ခံစားနိုင်သည်ဟု ဆိုလေသည်။ အစ္စလမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုင်ရိုကြေညာစာတမ်း (Cairo Declaration on Human Rights in Islam) (CDHRI)     ၁၉၉ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမို့တွင် အိုအိုင်စီ (Organisation of the Islamic Conference) အဖွဲ့ဝင်နိုင်ငံများက လူ့အခွင့်အရေး နယ်ပယ်တွင် အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများအတွက် ယေဘုယျလမ်းညွှန်ချက်အဖြစ် ကိုင်ရိုကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ဤကြေညာစာတမ်းမှာ ၁၉၄၈ ခုနှစ်က ဆုံးဖြတ်ချမှတ်ခဲ့သော ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို အစ္စလမ်ဘာသာ၏ တုံ့ပြန်ချက်အဖြစ် ရှုမြင်ကြသည်။ ကိုင်ရိုကြေညာစာတမ်းမှာ အပိုဒ်ပေါင်း ၂၅ ပိုဒ် ပါဝင်ပြီး (UDHR) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပါရှိသော လူ့အခွင့်အရေးများစွာကို အာမခံထားသော်လည်း၊ အစ္စလာမ် တရားဥပဒေ ရှာရီယာတွင် သတ်မှတ်ထားချက် ဘောင်အတွင်းမှ လိုက်နာရန် ရှင်းလင်းစွာ ဖော်ပြထားသည်။ ကိုင်ရိုကြေညာစာတမ်း (CDHRI) ကို လက်မှတ်ထိုးကြသော အစ္စလာမ်နိုင်ငံများမှာ ယခုအချိန်အထိ ၄၅ နိုင်ငံရှိပြီ ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် အဆိုပါကြေညာစာတမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်သို့ တင်သွင်းခဲ့သော်လည်း၊ နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists) က ပြင်းထန်စွာ ဝေဖန်ရှုတ်ချခြင်းကို ခံရလေသည်။ ကိုင်ရိုကြေညာစာတန်း အပေါ်ဝေဖန်ရှုံ့ချမှုများ အစ္စလာမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုင်ရို ကြေညာစာတမ်းမှာ ဘာသာရေးအရ လွန်စွာ ကွဲပြားခြားနားသော ပေါ်လစီနှင့် လက်တွေ့ ကျင့်သုံးမှုများရှိသည့် နိုင်ငံတစုက ၎င်းတို့၏ ပြည်တွင်း လူ့အခွင့်အရေး မှတ်တမ်းများအပေါ် နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုကို ကာကွယ်ရန် ဘုံစုပေါင်း၍ လက်နက်ဖြုတ်လိုက်သည့် လုပ်ရပ်အဖြစ် ဝေဖန်ပြစ်တင်ခြင်း ခံရလေသည်။ ကိုင်ရို ကြေညာစာတမ်း အပိုဒ် ၂၄ က “ဤကြေညာချက်ပါ အခွင့်အရေးများနှင့် လွတ်လပ်မှု အားလုံးသည် အစ္စလာမ်မစ် ရှာရီယာ၏ လက်အောက်ခံ ဖြစ်စေရမည်” ဟု လည်းကောင်း၊ စာပိုဒ် ၁၉ က “ရှာရီယာတွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှလွဲ၍ မည်သည့် ရာဇဝတ်မှု သို့မဟုတ် အပစ်ပေးမှုမျှ မရှိစေရ” ဟု လည်းကောင်းဆိုထားလေသည်။ ကိုင်ရိုကြောညာစာတမ်း CDHRI က ဘာသာရေး လွတ်လပ်ခွင့်ကို အာမ မခံသည့်ကိစ္စ၊ အထူးသဖြင့် လွတ်လပ်စွာ ဘာသာပြောင်းလဲ ကိုးကွယ်ခွင့်မရှိမှုနှင့် ပတ်သက်၍လည်း အဝေဖန်ခံရလေသည်။ အတိုင်ပင်ခံ အဆင့်အတန်းရှိပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်းတရပ် ဖြစ်သည့် နိုင်ငံတကာ လူသားနှင့် ကျင့်ဝတ်ဆိုင်ရာ ယူနီယံ (International Humanist and Ethical Union- IHEU)၊ ကမ္ဘာ့ပညာရေးအဖွဲ့အစည်း (Association for World Education – AWE) နှင့် ကမ္ဘာ့နိုင်ငံသားများအဖွဲ့အစည်း (Association of World Citizens- AWC) စသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်အချို့က ကိုင်ရိုကြေညာစာတမ်း CDHRI သည် လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ကန့်သတ်ချုပ်ချယ်ထားကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လေသည်။ ၎င်းတို့၏ ကြေညာချက်ကို “အစ္စလာမ်ဘာသာ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုင်ရိုကြေညာစာတမ်း CDHRI မှာ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း UDHR နှင့် နိုင်ငံတကာ ပဋိညာဉ်များတွင် အလေးပေး ဖော်ပြထားသည့် အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းလာမှုတရပ် ဖြစ်သည်။ ထိုကြေညာစာတမ်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြည့်စုံအောင် ဖြည့်စွက်ထားခြင်း ဖြစ်သည်ဟု မည်သို့မျှ မှတ်ယူ၍ မရနိုင်ချေ။” ဟု နိဂုံးချုပ်ထားလေသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက စုံစမ်းစစ်ဆေးရေးစင်တာ (Center for Inquiry-CFI) မှ ကမ္ဘာ့ ကုလသမဂ္ဂသို့ စာတမ်းတစောင် ပေးပို့ခဲ့ရာတွင် “ကိုင်ရိုကြေညာစာတမ်း CDHRI သည် အစ္စလာမ်မစ် ရှာရီယာဥပဒေကို အခြေခံလျက် လူ့အခွင့်အရေး အားလုံးနီးပါးကို ကန့်သတ် ချုပ်ချယ်ချက်များ ချမှတ်ထားသည့် လူအချင်းချင်း တန်းတူညီမျှရေး၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်တို့ကို ဖျက်ဆီးသည့်” ကြေညာစာတမ်း ဖြစ်ကြောင်း ဖော်ပြထားလေသည်။ ၂၀၀၉ ခုနှစ်က ထုတ်ဝေသော ဖရီးအင်ကွာရီ (Free Inquiry) ဂျာနယ်၊ အယ်ဒီတာ့ အာဘော်က  ကိုင်ရိုကြေညာစာတမ်းကို ဝေဖန်ထားရာ…. “ကျနော်တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြောင်းလဲစေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရှိ အစ္စလာမ်မစ် မဟာမိတ်နိုင်ငံများက ဆန္ဒရှိကြသည့် ဘာသာရေးကို ဝေဖန်ခြင်းမှ ရှောင်ကြဉ်ရေး၊ သို့ဖြင့် လူ့အခွင့်အရေးအပေါ် အစ္စလမ်ဘာသာက ကန့်သတ်ချုပ်ချယ်ထားသည့် အမြင်ကို ကာကွယ်ရန် လုပ်ဆောင်ချက်များကို အလေးအနက် စောင့်ကြည့်သွားမည်။ အစ္စလာမ်မစ် သမ္မတနိုင်ငံများ ဖြစ်ကြသော အီရန်၊ အီဂျစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ ဘင်္ဂလားဒက်ရှ်၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့ အတွင်းရှိ အခြေအနေ အရပ်ရပ်မှ ကြည့်လျှင်၊ လူ့အခွင့်အရေး အာဂျင်ဒါ၌ ထိပ်ဆုံးတွင်ရှိသော အမျိုးသမီးများ တရားဝင် တန်းတူအခွင့်အရေး မရှိမှု၊ နိုင်ငံရေး သဘောထား မတူညီသူများအပေါ် ဖိနှိပ်မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုများကို ကန့်သတ်ချုပ်ချယ်မှု၊ လူနည်းစု တိုင်းရင်းသားများနှင့် ဘာသာရေး အမြင် မတူသူများအပေါ် ဖိနှိပ်ချုပ်ချယ်မှု စသည်တို့ကို ပြင်ဆင်ပြောင်းလဲလာကြရန်….၊ အတိုချုပ်အားဖြင့် ပြောရလျှင် ၎င်းတို့ နိုင်ငံသားများ အလွန်ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများမှ ကာကွယ်ပေးရန် မျှော်လင့်သည်။ သို့သော် ထိုအစား ၎င်းတို့မှာ အစ္စလာမ်ဘာသာကို ကာကွယ်ရန်အတွက် ပူပန်သောက ရောက်နေကြလေသည်” ဟု ရေးသားထားလေသည်။ ရဲထွန်း (သီပေါ) ကိုးကား - Wikipedia မှ - Universal Declaration of Human Rights         - Cairo Declaration on Human Rights in Islam

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024