ဖားကန့်တွင် ရေမဆေးကျောက်ရှာသမားတဦး သေနတ်ထိမှန်သေဆုံး

ဓာတ်ပုံ - ဇော်မိုးထက်
  ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်မနက်က  ရေမဆေးကျောက်ရှာသူတဦး သေနတ်ထိမှန်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ဆိတ်မူအုပ်စု ဘဇံချောက်ကျေးရွာရှိ တစ်သုံးလုံးကျောက်တူးဖော်ရေးလုပ်ကွက်မှာ ကုမ္ပဏီက လုပ်ငန်းခေတ္တရပ်နားစဉ် သူတို့စွန့်ပစ် မြေစာထဲမှာ ရေမဆေးကျောက်ရှာသူတွေကို ၀င်ခွင့်ပြုလိုက်လို့ ကျောက်ရှာသူတွေ စုပြုံဝင်ရောက်စဉ် ကုမ္ပဏီလုံခြုံရေးယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ခြောက်လှန့်ပစ်ခတ်ရာမှာ ရေမဆေးကျောက်ရှာသူ လူငယ်တစ်ဦးကို ထိမှန်ခဲ့တာလို့  ဆိတ်မူအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကုမ္ပဏီခဏနားတဲ့အချိန်မှာ ၀င်ရှာဖို့အတွက်  ရေမဆေးသမားတွေစုပြုံပြီး ရောက်နေ တယ်လေ၊ ခွင့်ပြုလိုက်တော့ ၀င်လာတဲ့ လူအုပ်က တအားများတော့ ထိန်းမရလို့  အဲဒီအချိန်မှာ ကုမ္ပဏီလုံခြုံရေးယူပေးနေတဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်းက ရဲတွေက ခြောက်လှန့်တဲ့အနေနဲ့ ပစ်လိုက်တယ်လို့ ပြောတာဘဲ၊ အဲဒီမှာ  လူငယ်တယောက် ဘယ်ဘက်ပေါင်ကို ထိသွားတယ်။ ကျည်ဆန်က ထုတ်ချင်းပေါက်သွားတယ်။ သူ့ကို မြစ်ကြီးနားဆေးရုံခေါ်သွားနေတုန်း ကာမိုင်း နားရောက်တော့ ဆုံးသွားတယ်။ ဆေးရုံမတင်လိုက်ရဘူး။” သေဆုံးသူမှာ ဆိတ်မူအုပ်စု ကျောက်သွေးတောင်ရွာတွင် နေထိုင်သူ အသက် ၁၈ နှစ်ရွယ်ရှိ  မောင်ဇင်လင်းဦး ဆိုသူဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ကနေ ဖားကန့်မှာ အလုပ်လာလုပ်နေတာလို့ ဆိုပါတယ်။ မောင်ဇင်လင်းဦး သေဆုံးသွားမှုနဲ့ပတ်သက်ပြီး ဆိတ်မူရဲကင်းမှူး ရဲအုပ် ဦးထွန်းအောင်က သူတို့အနေနဲ့ အခြေအနေကို သွားရောက်စစ်ဆေးရတာဘဲရှိပြီး အရေးယူတဲ့ကိစ္စကတော့ ဖားကန့်ရဲစခန်းနဲ့သာ သက်ဆိုင်ကြောင်း၊ သေဆုံးသူကိုတော့ မိဘတွေရောက်လာမှ သဂြိုဟ်မယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up