ထိခိုက်မှုတာဝန်မယူတဲ့ အလုပ်ရှင်ကို ရွှေတွင်းလုပ်သားတိုင်တန်း

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ  လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကို   အလုပ်ရှင်က ဆေးမကုပေးတဲ့ အတွက် အလုပ်သမားဘက်က   မြို့နယ်နဲ့ တိုင်း အာဏာပိုင်ဆီ တိုင်ကြားလိုက်ပါတယ်။ ရွှေကျင်မြို့နယ်နေ ရွှေတွင်းလုပ်သား ကိုပြုံးချိုဟာ လွန်ခဲ့တဲ့ ၄ လ လောက်က ဦးမြစိုးပိုင် ရွှေတွင်းမှာ အလုပ်လုပ်ရင်း လုပ်ငန်းခွင်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ၄ လက်မ ပိုက်လုံးကြီး ခါးပေါ်ပြုတ်ကျတဲ့အတွက် ခါးကျိုး ဒဏ်ရာကြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က ဆေးဖိုး ငွေကြေး မထုတ်ပေးခဲ့ပါဘူး။ ဒါကြောင့် ဇနီးဖြစ်သူက ရိုးရာ တိုင်းရင်း ဆေးဝါးတွေ နဲ့ ကုသခဲ့ရာ မသက်သာဘဲ အောက်တပိုင်း သေသွားခဲ့တာပါ။ ရွှေတွင်းအလုပ်သမားရဲ့  ဇနီးသည် မသေးသေးက “မြေကြီးတူးခိုင်းတော့ သူက ကုန်းပြီး တူး နေလိုက်တာ။ ကုန်းတူးနေတဲ့အချိန်မှာ အပေါ်က ပြုတ်ကျတာ။ အဲဒီတော့ ကျမတို့က မိသားစု အနေနဲ့ ဒုက္ခတွေရောက်၊ ကုစရာကလည်းမရှိ၊ ရှိတဲ့ဟာတွေလည်း ရောင်းချပြီး ကုနေရ တာ။ အခု အောက်တပိုင်းသေနေတော့ ကျမလည်း ဘာမှ မလုပ်တတ်ဘူးလေ။ ကျမအနေနဲ့ကတော့ အခု မိသားစုတွေ  ဒုက္ခ ရောက်တာပေါ့။ အဲဒါကြောင့် ကျမတို့အတွက် နစ်နာကြေး လိုချင်တာပေါ့။” အလုပ်သမားမိသားစု  နစ်နာကြေး ရဖို့အတွက် ကူညီပေးနေတဲ့ ညောင်လေးပင် မြို့ခံ ဦးအောင်သွင်ဦး က မတ် ၁၆ ရက်နေ့မှာ ဒဏ်ရာရ အလုပ်သမားကို အကူအညီမပေးမှု၊ တရားမ၀င် ရွှေတွင်း လုပ်ကိုင်မှုတွေနဲ့ ရွှေတွင်းပိုင်ရှင်ကို ဖမ်းဆီးဖို့ ရွှေကျင်မြို့နယ်ကနေပြီး  ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ ရဲချုပ်ဆီကို တိုင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။ “တရားမဝင် ရွှေလုပ်ငန်း လုပ်နေတဲ့အတွက်ကြောင့် အဲဒါကို ဖမ်းဆီးပေးပါ ဆိုပြီးတော့ တိုင်စာ ပေးပို့ထားပါတယ်။ တိုင်စာထဲမှာပဲ ဒါက အလုပ်သမားရဲ့ ပေါ့ဆမှု မဟုတ်ဘဲနဲ့ အလုပ်ရှင်ရဲ့ ပေါ့ဆမှုကြောင့် ရတဲ့ ဒဏ်ရာဖြစ်တဲ့ အတွက်ကြောင့် အလုပ်သမား ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့ ဆိုပြီးတော့ တင်ထားတယ်”လို့ ပြောပါတယ်။

More News
Up