Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ရိုးရာနဂါးလှေလှော်ပွဲတော် ကျင်းပ
DVB
·
October 9, 2017
နှစ်ပေါင်း ၈၆၄ နှစ်သက်တမ်းရှိ တနင်္သာရီမြို့နယ်ရဲ့ နဂါးလှေလှော်ပွဲတော်ကို အောက် တိုဘာလ ၉ ရက်နေ့က တနင်္သာရီမြစ်အတွင်းမှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီမြို့နယ်မှာ ရှေးယခင်နှစ်ပေါင်းများစွာက ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတော်တခုဖြစ်ပြီး တနင်္သာရီမြို့နယ်အတွင်းရှိ လယ်သစ် ကျေးရွာက နဂါးလှေ ၄ စီး၊ တနင်္သာရီမြို့နယ်မှ နဂါးလှေ ၂ စီးတို့ ပါဝင်လှော်ခတ်ခဲ့ကြောင်း သိရပါတယ်။ နဂါးလှေလှော်ပွဲမှာ တနင်္သာရီဘုရင် ဗြန်စက္ကပိတ်မင်းလက်ထက် မြစ်ညှာပိုင်းမှာ မြို့တည်ဖို့ ကူညီခဲ့တဲ့ နဂါမင်းကို ဂုဏ်ပြုပြီး ကျင်းပလာခဲ့တဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။ နဂါးလှေတွေရဲ့ ခေါင်းဆောင် ဦးသန်းစိုးဝင်း က “မြန်မာသက္ကရာဇ် ၅၁၅ ခုနှစ်က စတင်ကျင်းပလာခဲ့တာ အခုအခါ နှစ်ပေါင်း ၈၆၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ နဂါးလှေတော် ၆ စင်းက တနင်္သာရီမြို့ကို လက်ယာရစ်ပတ်လှော်ခတ်ပြီး တန်ခိုးကြီးဘုရားတွေကို ဦးခိုက်ပူဇော်ပါတယ်။ နောက်ပြီး ဆရာတော်ကြီး မေတ္တာရေစင်မင်္ဂလာ ခေါင်းဆေးတာ ခံယူပါတယ်။ နေ့လယ်ပိုင်းမှာ နဂါးလှေလှော်သားတွေကို ဆုချီးမြှင့်တဲ့ အခမ်းအနား ပြုလုပ်ပါတယ်။ အလှပြလှော်ခတ်တာလည်း ပြုလုပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရှေးယခင်က တနင်္သာရီမြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာတွေမှာ နဂါးလှေအများအပြားရှိခဲ့ပေမယ့် အခုအခါ နဂါးလှေရှားပါးလာမှုအပြင် အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပြီး ချောင်းကြီးကျောင်းတိုက် ကထိန်ပွဲတော်နဲ့အတူ အစဉ်အလာမပျက်အောင် ကျင်းပနေရကြောင်း ဦးသန်းစိုးဝင်းက ဆိုပါတယ်။ “အခုဆိုရင် သစ်ရှားပါးလာတဲ့ အခက်အခဲကြုံနေရတယ်။ နဂါးလှေတစင်းရဖို့ မလွယ်တော့ဘူး။ နောက်တခုက ရန်ပုံငွေ အခက်အခဲပါ။ ကျနော်တို့ကျင်းပလာတဲ့ သက်တမ်းတလျှောက်မှာ တိုင်းအစိုးရ၊ ခရိုင်အစိုးရ၊ ဘယ်အစိုးရဆီကမှ ရန်ပုံငွေမရဖူးပါဘူး။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့ စိတ်ဓာတ်တခုနဲ့ ကျနော်တို့ ဆောင်ရွက်နေရတာပါ။ ကျနော်တို့အနေနဲ့ ပြောရရင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တခုဖြစ်တဲ့ နဂါးလှေလှော်ပွဲကို တိုင်းဒေသကြီး၊ ပြည်ထောင်စုအဆင့်အထိ တင်ပြပြီး ကျနော်တို့ကိုကူညီပါ၊ လမ်းညွန်ပါ၊ ရိုးရာယဉ် ကျေးမှုတစ်ခုကို ထိန်းသိမ်းပေးပါ။” နဂါးလှေလှော်ပွဲဟာ မြန်မာနိုင်ငံမှာ ရှေးအကျဆုံး ရိုးရာပွဲတော်တစ်ခုအဖြစ် ပါဝင်နေပြီး တနင်္သာရီမြစ် ကြောင်းတလျောက်မှာ  ထူးခြားကျင်းပတဲ့ ပွဲတော်တခုအဖြစ်လည်း တည်ရှိနေကြောင်း သိရပါတယ်။ နဂါးလှေလှော်ပွဲနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဘတ်ဂျက်ရရှိဖို့ တင်ပြမှုမရှိသေးကြောင်း၊ လာမယ့်နှစ်မှာ တိုင်းဒေသကြီးအစိုးရနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီး ရန်ပုံငွေအခက်အခဲ နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တခုကို ထိန်းသိမ်းဖို့ တင်ပြပေးသွားမယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ မြတ်ထွဋ် ( မြိတ် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024