DVB Logo
Home
မြန်မာသတင်း
ဘယ်အစိုးရကမှ အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းတာမရှိဟု ကာကွယ်ရေးဝန်ကြီးပြော (ရုပ်သံ)
DVB
·
October 9, 2017
ဘယ်အစိုးရကမှ အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းတာမရှိဟု ကာကွယ်ရေးဝန်ကြီးပြော (ရုပ်သံ)
Donate to DVB

အပစ်အခတ်ရပ်စဲတာတွေ မရပ်စဲတာတွေကို အသိအမှတ်ပြုထားတာ မရှိတဲ့အကြောင်းနဲ့ ဘယ်အစိုးရကမှ အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းထားတာမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော် MICC 2 မှာ ကျင်းပတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားအပြီးမှာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းက ခုလို ဖြေကြားခဲ့တာပါ။

“ကျနော်တို့ဘက် ကတော့ ပုံမှန်ပါပဲ။ ကျနော်တို့ဘက်က သူတို့ အပစ်ခတ်ရပ်စဲတာတို့ မရပ်စဲတာတို့ ကျနော်တို့ ဘက်က ဘာမှ မသိအမှတ်ပြုထားတာ မရှိပါဘူး။ သူက အကြမ်းအဖက်အဖွဲ့ဖြစ်တဲ့အတွက် ဘယ်အစိုးရအဖွဲ့ကမှလည်း အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ် ညှိနှိုင်းထားတာ မရှိပါဘူး။ ကျနော်တို့ကလည်း သူတို့ကို အသိအမှတ်မပြုပါဘူး”

ရခိုင်ဒေသအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နယ်မြေဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် ဆောင်ရွက်ထားတာနဲ့ပတ်သက်ပြီးလည်း ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။

“ပြည်ထဲရေးဌာနနဲ့ ပူးပေါင်းပြီးတော့ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်။ သို့သော် အဖျက်အမှောက်လုပ်ငန်းဆိုတာတော့ လုပ်ချင်လဲလုပ်နိုင်တဲ့ အနေအထားတော့ရှိမယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဧရိယာအကျယ်ကြီး ဖြစ်နေတဲ့အခါကျတော့ မမျှော်လင့်တဲ့အခါမှာ အကြမ်းဖက်ဆိုတာကတော့ လုပ်တာပါပဲ။ ကမ္ဘာမှာနေ့တိုင်း အကြမ်းမဖက်တဲ့ နေ့မရှိသလောက်ပါပဲ။ ဆော်ဒီမှာတောင် ဘုရင့်နန်းတော် လာပစ်သေးတာပဲ။ သဘောပြောတာလေ။ ကျနော်တို့မှာ ဒီလောက်မြေ အကျယ်ဒီမှာ ဒီလိုအကြမ်းဖက် လုပ်ရပ် မလုပ်ဘူးလို့တော့ မပြောနိုင်ဘူး။ သို့သော် ထိခိုက်မှု မဖြစ်အောင်တော့ ကျနော်တို့ ဘက်က တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်။ မဖြစ်အောင်လဲ ကြိုးစားနေပါတယ်”လို့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။

ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ဒီကနေ့ အောက်တိုဘာ ၉ ရက်နေ့ ညသန်းခေါင်မှာ တလကြာ အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်မှာဖြစ်ကြောင်း ကြေညာထားပါတယ်။

တလကြာ အပစ်ရပ်မှုကို ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး အတွက် လုပ်လာမယ်ဆိုရင် ဆွေးနွေးသွားဖို့ အဆင်သင့်ပဲလို့လည်ဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ARSAအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းမှုတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ သြဂုတ်လကုန်ပိုင်းက အကြမ်းဖက်သမားတွေက  မြန်မာနယ်ခြားစောင့် ရဲကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အပေါ်  လုံခြုံရေးတပ်ဖွဲ့တွေက စစ်ရေးအရ တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒေသခံ မွတ်စလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တာကြောင့် နိုင်ငံတကာက မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013