ခွပ်ဒေါင်းကို မဲပေးရင် ခြေထောက်ရိုက်ချိုးမည်ဟု ခြိမ်းခြောက်
DVB
·
March 29, 2012
မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်က မြင်းဝင်းကျေးရွာ မူလတန်းကျောင်းမှာ မနေ့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သင်တန်းပေးနေချိန် ရွာသား ၃ ဦး ရောက်လာပြီး ခွပ်ဒေါင်းကို မဲပေးရင် ဒူးကို ရိုက်ချိုးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ ပခုက္ကူမြို့နယ် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုက ပြောပါတယ်။
“ရွာသား ၃ ယောက်ဖြစ်တဲ့ ကိုငဥရယ်၊ ကိုငလွင်ရယ်၊ ကိုဟန်သိန်းလွင်ရယ်က သင်တန်းပေးတဲ့ မူလတန်းကျောင်းထဲကို မူးပြီး ရောက်လာတယ်။ ရောက်လာတဲ့ အခါကျတော့ သူတို့ထင်တာက အဖွဲ့ချုပ်ကနေ အစည်းအဝေး လုပ်တယ်လို့ ထင်တယ်။ ထင်တဲ့အခါမှာ သူက မူးပြီးတော့ ခြိမ်းခြောက်တယ်။ မင်းတို့ ခွပ်ဒေါင်းထဲထည့်ရင် ဒူးတွေကို ရိုက်ချိုးပစ်မယ် ဆိုပြီး ကြိမ်းမောင်း ခြိမ်းခြောက် တယ်။ ဒါပေမဲ့လို့ တကယ့် အဖြစ်အပျက်က မြို့နယ် ကော်မရှင်က သင်တန်း လာပေး တာဖြစ်နေတယ်။ ဒီတော့ ဝင်ပြီးတော့ တားကြ၊ ပြုကြရင်းနဲ့ ကျေးရွာကော်မရှင် ကိုဂျော်ကာဆို လက်နဲ့ အရိုက်ခံရတယ်။”
ရွေးကောက်ပွဲကာလမှာ အာဏာအရှိဆုံး ကော်မရှင်ကို အခုလို ခြိမ်းခြောက်တာဟာ ရှေ့ အလားအလာ မကောင်းသလို ရွေးကောက်ပွဲ ရက် ရောက်လာတာနဲ့ ပိုမို ဆိုးဝါး လာနိုင်တယ် လို့ ဦးပိုက်ကို က သုံးသပ် ပြောဆိုပါတယ်။
ပခုက္ကူမြို့နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကြံ့ခိုင်ရေး ပါတီနဲ့ အန်အယ်လ်ဒီပါတီ ၂ ခုသာ အဓိက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီက ကြံ့ခိုင်ရေးပါတီက ဦးကျော်တင့်က ယှဉ်ပြိုင်မှာပါ။