နယ်စပ်ရှိ ထောင်နဲ့ချီတဲ့ကလေးများ ပညာသင်ရန် အခက်တွေ့
DVB
·
March 29, 2012

ထောက်ပံ့ငွေနည်းပါးမှုကြောင့် ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ ပညာသင်နေတဲ့ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ လာမယ့် ပညာသင်နှစ်ကျရင် အခက်အခဲကြုံရမယ်လို့ ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အသင်း(SWAN)က ပြောပါတယ်။
[caption id="attachment_23277" align="alignleft" width="300" caption="(SWAN)မှ ပညာသင်ကြားရေး ထောက်ပံ့ပေးထားသည့် ကလေးငယ်များ"]
[/caption]
ရှမ်းပြည်နယ်အတွင်းနဲ့ ထိုင်း-မြန်မာနယ်စပ်တွေမှာ ပညာသင်နေတဲ့ မိဘမဲ့နဲ့ ရွှေ့ပြောင်း ကလေး ၂၅၀၀ ကျော်ဟာ ဒီနှစ် မေလမှာ စတင်မဲ့ စာသင်နှစ်မှာ ပညာ ဆက်လက် သင်ကြားနိုင်ဖို့အတွက် စိုးရိမ်ပူပန်နေတာလို့ (SWAN) အဖွဲ့က ဆိုပါတယ်။
ဒီလိုဖြစ်ရတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုတွေအပေါ် အခြေပြုတဲ့ အလှူရှင်တွေထံကရတဲ့ ရန်ပုံငွေရရှိမှု နည်းပါးလာတာကြောင့် လိုအပ်တဲ့ ငွေကြေးရဲ့ ၂၀ ရာခိုင်နှုန်း လောက်ပဲ အကူအညီ ရရှိသေးတယ်လို့လည်း ပြောပါတယ်။
ထောက်ပံ့မှုတွေထဲမှာ ကျောင်းသားတွေအတွက် သွားလာစရိတ်၊ စာရေးကိရိယာ၊ နေလယ်စာနဲ့ နွားနို့တို့ ပါဝင်သလို ဆရာမတွေ အတွက် ထောက်ပံ့ကြေးတွေလည်း ပါဝင်ပါတယ်။
SWAN အဖွဲ့တာဝန်ခံ နန်းဆိုင်မွန်းက “ကလေးမိဘတွေက လိမ္မော်ခြံ၊ သရက်ခြံမှာ အလုပ်လုပ်တော့ သူတို့နေတဲ့ နေရာကနေ ကျောင်းအထိ လာဖို့ဆိုရင် တချို့နေရာတွေ ၁၅ ကီလိုမီတာ၊ တချို့ လေးငါးကီလိုမီတာလောက် အထိက လမ်းလျှောက်လာဖို့ မဖြစ်နိုင်ဘူးလေ။ ကလေးတွေက ငယ်သေးတယ်။ မိဘတွေကလည်း သူတို့ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်တော့ ကလေးတွေကို မကူညီနိုင်ဘူး။ ထိုင်းအစိုးရကျောင်းမှာ ဝင်မလားဆိုတော့လည်း ထိုင်းနိုင်ငံသား မဟုတ်တော့ အထောက်အပံ့လည်း နည်းတယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အကူအညီပေးရေး အဖွဲ့အစည်းအများစုဟာ မြန်မာပြည် သွားဖို့ပဲ စိတ်ဝင်စားနေကြပြီး မြန်မာပြည်အထဲမှာ ကူညီသလို အပြင်မှာလည်း ဆက်ပြီး ကူညီဖို့ လိုအပ်နေသေးတယ်လို့လည်း နန်းဆိုင်မွန်းက ပြောပါတယ်။
နိုင်ငံတကာနဲ့ တဦးချင်း အလှူရှင်တွေရဲ့ အကူအညီနဲ့ မြန်မာ-ထိုင်း နယ်စပ်နဲ့ ရှမ်းပြည်နယ် အတွင်းမှာ SWAN အဖွဲ့က စာသင်ကျောင်း ၁၅ ကျောင်းနဲ့ မိဘမဲ့ စောင့်ရှောက်ရေး ဂေဟာ ၄ ခု ဖွင့်လှစ် ထားခဲ့ပါတယ်။ ကလေးတယောက်အတွက် တနှစ်တာ ကျောင်းစရိတ်ဟာ ဒေါ်လာ ၁၀၀ ခန့် (ကျပ် ၈ သောင်း) လောက် ကုန်ကျမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ရှမ်းလူမျိုးတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတာ မခံရသလို ပညာရေး၊ ကျန်းမာရေးနဲ့ လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ရရှိဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။
အလားတူ မြန်မာ-ထိုင်းနယ်စပ်မှာ ရှိတဲ့ ကရင်စာသင်ကျောင်းတွေမှာလည်း ခုနှစ်အတွင်း အလှူငွေအနည်းငယ် လျော့သွားခဲ့ပေမယ့် ရန်ပုံငွေ အခက်အခဲမရှိတဲ့အကြောင်း နောက်နှစ် အတွက်တော့ ရန်ပုံငွေ ရရှိရေးက မသေချာဘူးလို့ ကရင်ဒုက္ခသည်တွေကို ပညာရေး အကူအညီ ပေးနေတဲ့ Karen Teacher Working Group က ပြောပါတယ်။
