Home
မြန်မာသတင်း
ဘားအံမြို့တွင်​ အလုပ်​အကိုင်​ရရှိစေရေး ၀ါးလက်မှုထည် ထုတ်လုပ်မှုသင်တန်းဖွင့်
DVB
·
October 8, 2017
ဒေသခံပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး နိုင်ငံခြားဝင်ငွေရရှိစေဖို့ ရည်ရွယ်ပြီး အခြေခံ ၀ါးလက်မှုထည် ထုတ်လုပ်မှုသင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘားအံမြို့ နယ် ကော့ကသောင်ကျေးရွာမှာ ၇ ရက်နေ့က ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဝင်းက “အဲဒီရွာက သမိုင်းဝင် ကော့ကသောင်ဂူကို ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည်တွေလာကြတယ်။ ဒါကြောင့် ၀ါးနဲ့ပြုလုပ်ထားတဲ့ လက်မှုထည်တွေကို လာရောက်လေ့လာနိုင်အောင် လုပ်မယ်။ နောက် သင်တန်းသားတွေ ကိုယ်တိုင်လုပ်ထားတဲ့ ၀ါးလက်မှုထည်ပစ္စည်းတွေကို ဆိုင်ခန်းဖွင့်လှစ် ရောင်းချသွားမယ်။ ဒါကလည်း ဒေသခံတွေအတွက် အလုပ်အကိုင် ရရှိအောင်ပါ” လို့ ပြောပါတယ်။ ရိုးရာလက်မှုလုပ်ငန်းတွေကို ပြန်လည်စိတ်ဝင်စားလာအောင်၊ ကျေးလက်နေ ပြည်သူတွေအပြင် ပြည်ပကနေ ပြန်လည်ဝင်ရောက်လါမယ့် ဒေသခံ တိုင်းရင်းသားတွေပါ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့၊ မြန်မာ့ရိုးရာ လက်မှုပညာနဲ့ နိုင်ငံခြားဝင်ငွေရရှိပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရတာလို့ ဆိုပါတယ်။ သင်တန်းဆရာ ၃ ဦးက သင်တန်းသား သင်တန်းသူ ၃၀ ဦးကို နှီးဝါး၊ ၀ါးဘိုးဝါး နှစ်မျိုးကနေ တိုင်းရင်းသားရိုးရာ အသုံးအဆောင် ပစ္စည်း ၁၅ မျိုးကို သင်ကြားပေးပြီး သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြားပေးမယ်လို့ သိရပါတယ်။ ကော့ကသောင်ကျေးရွာနေ သင်တန်းသူ မကြူမိုးခိုင်က “ဒီပညာတွေက ပြောမယ်ဆိုရင် မိရိုးဖလား ပညာတွေ၊ အခုက တိမ်ကောသလိုဖြစ်နေတဲ့အတွက်ကြောင့်မို့ ပြန်ပြီးတော့ ထိန်းသိမ်းချင်တာလည်းပါတယ်။ နောက်ပြီးတော့ ကိုယ်ရဲ့လက်မှုပညာပေးတွေကိုလည်း ကမ္ဘာကို ပြချင်တာလည်း ပါတာပေါ့နော်။ အခုကတော့ လက်မှုပညာတွေက အကုန်လုံးနီးနီးကို ပျောက်သွားကြပြီ။ အခု နိုင်ငံတော်ကနေပြီး ပြန်လည်ပြီးတော့ ဖော်ထုတ်ပေးတဲ့အတွက်ကြောင့် ကိုယ်လည်း တတ်ချင်တာနဲ့ လာတက်ဖြစ်တာ”လို့ ပြောပါတယ်။ အခြေခံ ၀ါးလက်မှုထည် ထုတ်လုပ်မှုသင်တန်းကို ဘားအံမြို့နယ်မှာ နောင်ဘိုကျေးရွာနဲ့ နိုးကြားကျေးရွာတွေမှာ ဖွင့်လှစ်ပေးခဲ့ပြီး အခုသင်တန်းဟာ တတိယအကြိမ် ဖွင့်လှစ်တာလို့ သိရပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024