နှစ်ဖက် ယုံကြည်နိုင်ရင် ငြိမ်းချမ်းရေး တည်ဆောက်နိုင် (ပဒိုမန်းငြိမ်းမောင်)

ပဒိုမန်းြငိမ်းေမာင်
3.1K
အနှစ် ၆၀ ကြာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ်က ပြည်တွင်းစစ်တွေဟာ နှစ်ဖက်ယုံကြည်နိုင်ရင် ငြိမ်းချမ်းရေးရနိုင်မယ်လို့ မကြာခင်ကမှ ပြည်ထောင်စုအစိုးရ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည်ကနေ မြန်မာနိုင်ငံကို ပြန်အပို့ခံရပြီး လဝက အက်ဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ပဒိုမန်းငြိမ်းမောင်ကို ထောင်တွင်းဖြတ်သန်းရတာတွေနဲ့ ကေအန်ယူနဲ့ မြန်မာ အစိုးရတို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဇူလိုင်လတုန်းက ဘယ်လိုမျိုး ပြန်ပို့ခံရတာလဲ၊ ဘယ်လို ပြဿနာဖြစ်လို့ ပြန်ပို့ခံရတာလဲ။
“လေယာဉ်ပျံနဲ့ ပို့တယ်လေ။ အဲဒါ ဇူလိုင်လ ၂၄ ရက်နေ့ကပါ။ တရုတ်က ထိုင်းကိုပို့တော့ ထိုင်းကလက်မခံ၊ တရုတ်ကို ပြန်ပို့၊ တရုတ်က လက်မခံတော့ ထိုင်းကို ပြန်ပို့၊ ၃ ခေါက်လောက် ပို့ပြီးတော့မှ အန်ကယ်က ပြောတယ် တရုတ်အာဏာပိုင်နဲ့။ ကျနော်က တခြားလူမဟုတ်ဘူး။ ကျနော်က အစိုးရနဲ့ သဘောထား ကွဲလွဲတဲ့လူ၊ ဒါကြောင့် ကျနော်က ဒီမိုကရေစီလှုပ်ရှားနေတဲ့ တိုင်းရင်းသား တယောက်ဖြစ်တယ်။ ကျနော့်ကို ပို့ရင် အန္တရာယ်ရှိပါတယ် မပို့ပါနဲ့လို့ အများကြီး မေတ္တာရပ်ခံထားပါတယ်။ ဒါကို တရုတ်က မရဘူး။ ပို့ပေးလိုက်တယ်။ ဒါက နိုင်ငံရေးကြောင်းနဲ့ ပတ်သက်သလား၊ လဝက ဥပဒေကြောင့်လား မပြောတတ်ဘူး။ လာအိုကို ပြန်ထွက်ပါရစေလို့ ပြန်ပြောတယ်။ ပြောလို့လည်း မရဘူး။”
ဇူလိုင်လ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်ပို့ခံရတော့ ရန်ကုန်လေဆိပ်ကို ရောက်ရောက်ချင်း စပြီးတော့ ဘယ်လိုမျိုး ရင်ဆိုင်ခဲ့ရလဲ။
“ဒါက ပတ်စ်ပို့နဲ့ ပတ်သက်တာဆိုတော့ ပထမဦးဆုံး လဝက က စစ်တယ်။ လဝက က စစ်ပြီးတော့ အထူးသတင်းတပ်ဖွဲ့ (SB) က စစ်တယ်။ SB ကစစ်ပြီးတော့ သူတို့ ချုပ်ပြီးတော့ တရားရုံးတင်၊ တရားစွဲ၊ နယ်စပ်ဖြတ်ကျော်မှုရယ်၊ လဝက ဥပဒေ၊ ပတ်စ်ပို့ရယ် ဒီ ၂ မှုနဲ့ ရုံးတင်တာ။ မြို့နယ် ရုံးတင်ပြီးတော့ ၂ လကျော်လောက် ကြာတဲ့အခါကျတော့ အဲဒီ ၂ မှုပေါင်း ၁ မှုကို ၆ လ၊ ၁ နှစ်ကျတယ် ဒါပေမယ့် ၂ မှု ပေါင်းလိုက်တော့ ၆ လနဲ့ ကျတယ်။”
အဲဒီအချိန်တုန်းက အဆိုးဆုံး စစ်ကြောရေးစခန်းကို ရောက်ခဲ့လဲ။ ဘယ်နေရာမှာလဲ။ ပြောပြနိုင်မလား။
”အောင်သပြေ SB ဌာနကို ပို့တယ်။”
အန်ကယ့်ကို အောင်သပြေ စစ်ကြောရေး စခန်းကို ပို့သေးတာပေါ့။ အဲဒီမှာ နှိပ်စက်ခံရတာမျိုးတွေ ရှိလား။
“မရှိဘူး။ သူတို့ အန်ကယ့်ကို ကောင်းကောင်းမွန်မွန်ပဲ မေးတယ်။ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်ရေးရာအရ၊ ရုပ်ပိုင်းရော ညှဉ်းပမ်းနှိပ်စက်တာ ဘာမှ မလုပ်ဘူး။ ကောင်းကောင်းမွန်မွန် သူတို့ ဆက်ဆံတယ်။”
ကေအန်ယူ ခေါင်းဆောင်မှန်း ဘယ်လို သိသွားတာလဲ။
“အဲဒါကို လဝက ဥပဒေနဲ့ ချပြီးတဲ့ နောက်ပိုင်းမှ တလကျော် ကြာတဲ့အခါကျတာ့ သတင်းဌာနတွေက ဗြောင်းဆန်အောင် အော်ရော။ ဗြောင်းဆန်အောင် အော်တဲ့အခါကျတော့ မန်းငြိမ်းမောင်ဆိုတဲ့ ပုဂ္ဂိုလ်က တရုတ်ပြည် ကူမင်း ကနေပြီးတော့ ရန်ကုန်ပြန်ပို့ခံရတယ်။ ပတ်စ်ပို့ထဲမှာ ပါတဲ့ သိုက်ထွန်းဆိုတဲ့ လူကလည်း ကူမင်း ကနေပြီးတော့ ရန်ကုန်ကို ပြန်ပို့တယ် ဆိုတော့ ဖြစ်စဉ်ချင်းက တူတယ်။ နာမည်က ကွာတယ်။ ဓာတ်ပုံပါ ထည့်လိုက်တဲ့ အခါကျတော့ မန်းငြိမ်းမောင်နဲ့ သိုက်ထွန်းက လူတယောက်တည်းဆိုတာ သူတို့ သိသွားတာ။”
ကေအန်ယူ ဗဟိုကော်မတီဝင် ခေါင်းဆောင်မှန်း သိသွားတဲ့ အချိန်ကျတော့ ဘာအမှုတွေနဲ့ ထပ်ပြီးတော့ တရားစွဲလဲ။
“အန်ကယ့်ကို သိတဲ့အချိန်မှာ နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးဌာန (စရဖ) ကနေ အန်ကယ့်ကို လာခေါ်ပြီးတော့ သူတို့ဆီက လုံခြုံရေး တပ်ရင်းတခုမှာ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းပြီးတော့ ဘာမှကို မလုပ်ဘူး။ နေပြည်တော်က ညွှန်ကြားတယ်။ ဖထီးကို စိတ်ချမ်းသာအောင်ထား၊ လိုတာအကုန်လုံးလုပ်ပေး၊ ဆေးဝါးတွေ ဘာတွေ ကုသပေးဆိုပြီးတော့ ညွှန်ကြားတယ်။ ဒါကိုရတော့ သူတို့ ကောင်းကောင်းမွန်မွန်ပဲ အန်ကယ့်ကို ထားတယ်။ ထားပြီးတော့ ကေအန်ယူနဲ့ ငြိမ်းချမ်းရေးအရ တွေ့ဆုံဆွေးနွေးရေးမှာ အကြံဥာဏ်လိုချင်တဲ့အခါကျတော့ အကြံဥာဏ်တွေ တောင်းတယ်။ အန်ကယ်ကလည်း ဓမ္မဓိဋ္ဌာန် ကျကျပဲ အကြံဥာဏ်တွေ ပေးခဲ့တယ်။”
အဓိက အကြံဥာဏ်တောင်းတဲ့အခါကျတော့ ဘယ်လိုမျိုး ဥပမာ- ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အထောက်ကူပြုမယ့် စကားတွေအနေနဲ့ရော။
“သူတို့က အဲဒီတုန်းက စတင်တာဘဲ ရှိသေးတဲ့အခါကျတော့ ကေအန်ယူနဲ့ ဆက်သွယ်စီးဆင်းမှု မရှိသေးဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ မရှိတဲ့အခါကျတော့ သူတို့က ဘယ်လိုနည်းလမ်းနဲ့ ဆက်သွယ်ရမလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးကို အကျိုးဆောင်ခိုင်းပြီး ဆက်သွယ်ခိုင်းရမလဲ။ ဒါတွေကို သူတို့က မသိဘူး။ မသိတဲ့အခါကျတော့ အန်ကယ့်ဆီကို အကြံဥာဏ်တောင်းတယ်။ အန်ကယ့်ဆီကို အကြံဥာဏ်တောင်းတော့ အန်ကယ်က အကြံဥာဏ်ပေးတယ်။
တွေ့ဆုံဆွေးနွေးတာ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက တွေ့ဆုံဆွေးနွေးရေး ငြိမ်းချမ်းရေး အကျိုးဆောင် ကြားပုဂ္ဂိုလ်တွေက အစိုးရဖက်က လွှတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေလေ၊ အစိုးရက ဖြစ်စေချင်တဲ့ အာဘော်တွေကိုပဲ လာလာပြောတဲ့အခါကျတော့ အစိုးရ ကိုယ်စားလှယ်လို ဖြစ်နေတယ်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အသွင်မဆောင်ဘူး။ အဲဒါ အန်ကယ်က ပြောပြတယ်။ အခု လာမယ့် တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရဖက်က ယုံကြည်တဲ့ ပုဂ္ဂိုလ်မျိုးလည် ဖြစ်ရမယ်။ ကေအန်ယူဖက်က ယုံကြည်တဲ့ ပုဂ္ဂိုလ်မျိုးလည် ဖြစ်ရမယ်။ ဂုဏ်သိက္ခာလည်း ရှိရမယ်။ အဲဒီလိုဟာမျိုးတွေ အန်ကယ် အကြံဥာဏ်ပေးခဲ့တာပေါ့။ ဒါဆိုရင် ဘယ်သူက သင့်တော်သလဲ ဖထီး အကြံဥာဏ်ပေးပါဆိုတော့ အန်ကယ်က ပြောတယ်။ တောင်ကလေးဆရာတော်ကို ခင်ဗျားတို့ ချဉ်းကပ်ပါ။ လျှောက်ထားပါ။ တောင်ကလေးဆရာတော်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ကိုးကွယ်တယ်။ ကျနော်တို့ဖက်နဲ့လည်း အဆက်အဆံရှိတော့ နှစ်ဖက် ယုံကြည်မှု ရှိတဲ့ ဆရာတော် တပါးလည်း ဖြစ်တယ်။ သံဃာတော် တပါးလည်း ဖြစ်တဲ့အတွက် ဒီအပေါ်မှာ အမြတ်ထုတ်မှာလည်း မဟုတ်ဘူး။ အဲဒါ သူတို့ လက်ခံတယ်။ အများကြီး သဘောကျတယ်။ အဲဒီအတိုင်း သူတို့ လုပ်လိုက်တယ်ပေါ့။”
သူတို့ အကြံဥာဏ်တောင်းတဲ့ အချိန်တုန်းက အန်ကယ်က ကေအန်ယူခေါင်းဆောင် ဖြစ်တဲ့အခါကျတော့ သူတို့က အလဲအလှယ် ရှိခဲ့လား။ ဥပမာ- အန်ကယ်က ဒီလိုမျိုး အကြံပေးလို့ရှိရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်မယ် ဆိုတဲ့ စကားမျိုးတွေလေ။
“အဲဒါကိုတော့ သူတို့ ဘာမှ မပြောဘူး။ ဒါပေမဲ့ အန်ကယ့်ရဲ့ အကြံပေးချက်တွေကို သူတို့ လက်ခံတယ်၊ ကြိုက်တယ်။ ကြိုက်တဲ့အခါကျတော့ သူတို့ပြောတဲ့ စကားတခွန်း ရှိတယ်လေ။ နေပြည်တော်က အရာရှိကြီးတွေပြောတာက ဖထီး ကျနော်တို့ဆီ ရောက်လာတာ ကံကောင်းတယ်တဲ့။ ဖထီးဘာမှ မပူပါနဲ့တဲ့။ အမှုတွေ ဘာတွေကို ခေါင်းထဲ မထည့်နဲ့တဲ့ စိတ်ချမ်းသာအောင်ပဲ နေတဲ့။ ဒါတွေက ဒီလိုပဲ ပြီးသွားမှာပဲဆိုပြီး အဲဒီလို ပြောတာပေါ့။ သူတို့ ဒီလို ပြောတဲ့အခါကျတွော့ လူကြီးတွေ ပြောတဲ့စကားဆိုတော့ အန်ကယ်လည်း ယုံတာပေါ့။ အန်ကယ်လည်း ယုံပြီးတော့ ပြီးတဲ့အခါကျတော့မှ အမှုကပ်တာပေါ့။ အမှုကပ်တာကလည်း အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်က ဇန်နဝါရီလ ညနေ ၄ နာရီမှာ လာတယ်။ ၄ နာရီမှာ လာပြီး အန်ကယ့်ကို ၃ နာရီခွဲ ရုံးထုတ်ပြီးတော့ တရားစွဲလိုက်တယ်။ အန်ကယ် လွတ်ငြိမ်းချမ်းသာခွင့် ရမှန်းတောင် မသိဘူး။ ထောင်ထဲပြန်ဝင်တော့မှ၊ အန်ကယ့် ပထမ အမှုကတော့ ပြီးသွားပြီတဲ့။ လွတ်သွားပြီးတော့ အခုဟာက နောက်အမှု ဆိုပြီးတော့။ အဲဒီလို လွတ်ငြိမ်းချမ်းသာခွင့်လာမှ ကပ်ပြီးတော့ လုပ်တဲ့အခါကျတော့ ဒါကတော့ သိပ်ပြီးတော့ ရိုးသားမှု နည်းတယ်လို့ အန်ကယ်ထင်တယ်လေ။ လွန်ခဲ့တဲ့ တပတ်လောက်က ကြိုပြီးတော့ တရားစွဲထားရင် တမျိုးပေါ့။ နည်းနည်း ခံစားရတာ တမျိုးပေါ့။ အခုက သတင်းကတော့ ထွက်နေတယ်။ အန်ကယ့်ကို တရားစွဲထားတယ်တို့ ဘာတို့ ဂျာနယ်မှာ အဲဒါပြောထားတယ်။ အမှုဖွင့်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ အန်ကယ့်ဆီကို ဘာမှ မရောက်ဘူး။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်လာတဲ့ ဇန်နဝါရီလ ၂ ရက် နေ့ ညနေကျမှ လွတ်ငြိမ်းသာခွင့်လည်းလာရော အန်ကယ့်ကို နောက်အမှုနဲ့ ကပ်ရော။
နောက်အမှုနဲ့ ကပ်တာက ၁၇(၁) မတရားအသင်းနဲ့ ဆက်သွယ်မှု၊ ၁၂၂(၁) နိုင်ငံတော်ကို လက်နက်ကိုင်ပုန်ကန် ဆန့်ကျင်မှု။ အဲဒီလို တရားစွဲတယ်။ တရားစွဲတာက ၂၁၁(၁) ဆိုတာက သေဒဏ်နဲ့ တကျွန်းပဲ ရှိတယ်လေ။ အဲဒီ အမှု ၂ မှုနဲ့ သူတို့ ရုံးတင်တာ။”
ရုံးတင်ပြီးတော့ ဘယ်လိုမျိုး ထိန်းသိမ်းခံထားရလဲ၊ ဘယ်လို အမှုတွေ ရင်ဆိုင်ရတာလဲ။
“ရုံးတင်တဲ့အခါကျတော့ အန်ကယ့်ကို စက်တင်ဘာ ၅ ရက်နေ့မှ စအဖ (စစ်ဖက်ရေးရာအထူးလုံခြုံရေးအဖွဲ့) က ခေါ်တွေ့ပြီးတော့ အောက်တိုဘာ ၂၀ ရက်နေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့တယ်။ အင်းစိန်ထောင်ကို ပြန်ပို့တော့ တိုက်ထဲမှာ အန်ကယ်က နေရတယ်။ တယောက်တည်းပဲ အခန်းတခန်းမှာ တယောက်ပေါ့။”
အင်းစိန်ထောင်တွင်းမှာ နေရတော့ စောင့်ရှောက်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ ဘာတို့ရော အဆင်ပြေရဲ့လား။ စားရ သောက်ရတာ ဘယ်လိုမျိုး အနေအထား ရှိလဲ။
“မဆိုးပါဘူး အန်ကယ်က ထောင်ထဲကို ခဏခဏ ရောက်တယ်လေ။ ၄ ခေါက်ရှိပြီ ထောင်ထဲရောက်တာ။ ရောက်ရင်လည်း အသည်းအသန် ကိစ္စတွေနဲ့ပဲ ရောက်တာ။ လွန်ခဲ့တဲ့ ၄၅ နှစ်တုန်းက ဒီအင်းစိန်ထောင်ကို ရောက်ဖူးတယ်။ ထောင်ထဲကတော့ အများကြီး ပြောင်းလဲသွားပြီ။ အရင်တုန်းက အန်ကယ်တို့ အသက် ၂၀ ကျော်တုန်းက အခန်းထဲမှာ ဘုရားရှိခိုးလည်း ဝင်ရိုက်တာပဲ။ တခန်းနဲ့ တခန်း ဆက်သွယ်လည်း ဝင်ရိုက်တာပဲ။ သီချင်းဆိုလည်း ရိုက်တာပဲ။ နံရံမှာ စာရေးလည်း ရိုက်တာပဲ။ အခု အဲဒါတွေ ဘာမှ မရှိတော့ဘူး။ အပြင်ကို မနက် ၆ နာရှိဆိုရင် ဖွင့်ပေးတယ်၊ ၁၂ နာရီဆိုရင် ခဏ ပြန်ဝင်နေရတယ်။ ၂ နာရီထိုး ပြန်ဖွင့်ပေးတယ်၊ ညနေ ၅ နာရီထိုးဆိုရင် ပြန်ပိတ်တယ်။ အများကြီး လွတ်လပ်တယ်။ တတိုက်နဲ့ တတိုက်၊ တခန်းနဲ့ တခန်းကို ဆက်သွယ်လို့ ရတယ်။ အခုခေတ်ကျတော့ အပြင်က ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အဲဒါတွေ အကုန်လုံး သွင်းလို့ ရတယ်။ နောက်ပြီးတော့ သတင်းစာလည်း သူတို့ ပေးဖတ်တယ်။ အများကြီး ကောင်းပါတယ်။ အစားအသောက်ကတော့ တပတ်ကို အသားတခါ စားရတယ်။ ကျန်းမာရေးစောင်ရှောက်မှုကတော့ အများကြီး ကောင်းပါတယ်။ စောင့်ရှောက်မှုအပိုင်းမှာ ကျန်းမာရေးကိစ္စ တခုခုဖြစ်ရင် ဆေးခန်း ရှိတယ်။ သက်ဆိုင်ရာ အဆောင်ပေါ့။ တိုက်ဆိုလည်း တိုက် အဲဒီမှာ ဆေးမှူးတွေ ရှိတယ်။ ဆေးမှူးက သတင်းပို့တာပြီးရင် ထောင်တွင်းဆေးရုံကြီးကို သွားရတယ်။”
အန်ကယ်ကို အမှုတွေများစွာနဲ့ ထောင်ဒဏ်ချမှတ်လိုက်တဲ့ နေ့မှာရော ဘယ်လို ခံစားရလဲ။
“အန်ကယ်က ထောင်ကျတာ ၄ ခါရှိပြီ။ ထောင်ကျတာ ၄ ခါ ရှိပြီဆိုတော့ ထောင်ကလွတ်တော့လည်း တခါမှ မပျော်ခဲ့ဘူး။ အခု အခေါက်လည်း မပျော်ဘူး။ ဒီလို အမိန့်ချတာလည်း အန်ကယ် ဘာမှ မခံစားရဘူး။ ဒါက အန်ကယ့်ကို နိုင်ငံရေးဓားစာခံအဖြစ်နဲ့ လုပ်ထားတာ။ အဲဒီလို နားလည်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလို ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပွဲက အောင်မြင်လို့ရှိရင် အန်ကယ့်ကို ပြန်လွှတ်ပေးမယ်။ ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပွဲက မအောင်မြင်ဘူး ဆိုလို့ရှိရင် အန်ကယ့်ကို သေဒဏ် တကယ်ချမှာ။ အန်ကယ့်ကို နိုင်ငံရေး ဓားစာခံအဖြစ်နဲ့ ထားတာ။ အဲဒါကို အန်ကယ်က သိထားတယ်။ အန်ကယ်က လွတ်မယ်ဆိုတာလည်း သိထားတယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီး ဦးအောင်မင်းက ကတိပေးထားတယ်။ ဦးအောင်မင်းကိုလည်း ကေအန်ယူက တောင်းထားတယ်လေ။ ပြန်တောင်းထားတဲ့အခါကျတော့ လွတ်မယ်ဆိုတာကိုလည်း ပြောတယ်။ အဲဒါ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်။ ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့အခါကျတော့ နိုင်ငံ့ခေါင်းဆောင်တယောက် ပေးထားတဲ့ ကတိကိုတော့ ယုံတယ်လေ။ ယုံတယ်ဆိုတာ အပြည့်တော့ မယုံဘူး။ ဘာဖြစ်လို့လဲဆိုရင် အန်ကယ် ထောင်ထဲမှာ ခဏခဏ အလိမ်ခံရတာကိုး။ ၇၀ ရာခိုင်နှုန်းလောက် ယုံတာပေါ့။
ဝန်ကြီး ဦးအောင်မင်းကလည်း လွှတ်မယ်ဆိုတာကို ခဏ ခဏ ပြောတဲ့အခါကျတော့ အန်ကယ် မတွေ့ဖူးပေမဲ့ ယုံတယ်။ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာပဲလို့ သူက ဒါကို ထပ်ထပ်ပြောတဲ့အခါကျတော့ အများကြီး ယုံပါတယ်။ အဲဒါကြောင့်မို့ စိတ်ဓာတ်မကျတာလည်း ပါတာပေါ့။ တနေ့ကျရင် လွတ်မယ် ပေါ့။ အမိန့်မချခင် ကြားထဲမှာ ဝန်ကြီးဦးအောင်မင်းရဲ့ အထူးကိုယ်စားလှယ်ပေါ့။ သမ္မတကြီးရဲ့ အထူးကိုယ်စားလှယ်လို့လည်း ပြောလို့ ရတယ်။ အဲဒီ အရာရှိကြီး က အန်ကယ့်ကို လာတွေ့တယ်။ လာတွေ့တော့ စိတ်ဓာတ် မကျပါနဲ့။ အမှုပြီးအောင်သာ၊ အမှုပြီးလို့ရှိရင် ကျန်တဲ့အပိုင်းက သမ္မတကြီး အပိုင်းပဲဆိုတော့ လာပြီးတော့ အားပေးတာတွေလည်း ရှိတော့ အန်ကယ် အများကြီး စိတ်အေးအေး ချမ်းချမ်း ရှိပါတယ်။”
အန်ကယ်ပြောသလို နိုင်ငံရေးဓားစာခံအဖြစ် အသုံးချခံရတယ်ဆိုတဲ့ အပေါ်မှာ အခု လက်ရှိ ကေအန်ယူနဲ့ အစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
“အန်ကယ် ယုံကြည်ပါတယ်။ ယုံကြည်တယ် ဆိုတာက အကြံဥာဏ်ပေးခဲ့တာက အန်ကယ်လေ။ အခု ကျနော်တို့က နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခဖြစ်လာတယ်။ ပဋိပက္ခ ဖြစ်လာတဲ့အခါကျတော့ တနေ့တချိန်တည်းနဲ့ ဒီ ပဋိပက္ခကို ရှင်းလို့ ရမှာ မဟုတ်ဘူး။ နှစ်ဖက်စလုံးက သံသယတွေ၊ ခံစားချက်တွေ၊ ရန်ငြိုးရန်စတွေက တထွေးတပိုက်ကြီးရှိတယ်။ ဒါတွေကို လျှော့ချနိုင်မှ နှစ်ဦးနှစ်ဖက် ယုံယုံကြည်ကြည်နဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှ ရှေ့ဆက်ခရီးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ အန်ကယ် နှစ်ဖက်စလုံးကို ပြောတယ်လေ။ ကေအန်ယူဖက်ကိုလည်း ပြောတယ်။ နိုင်ငံတော် အစိုးရဖက်ကိုလည်း ပြောတယ်။ ပြောတဲ့အခါကျတော့ အန်ကယ့် အကြံပေးချက်အတိုင်းကို သူတို့ လက်ခံမယ် ဆိုရင်တော့ အန်ကယ်တို့ ငြိမ်းချမ်းရေး တည်ဆောက်မှုက ရမယ်လို့ အန်ကယ်တော့ ယုံကြည်ပါတယ်။”
မကြာခင်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်ပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ကေအန်ယူနဲ့ ဆွေးနွေးဖို့ ရှိတယ်ဆိုတော့ အန်ကယ့်အနေနဲ့ ဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့ ရှိလား။
“ထောင်ကလွတ်လာတော့ ၂၄ ရက်နေ့မှ ဒီကို ရောက်တယ်လေ။ ၃ ရက်ပဲ ရှိသေးတယ်။ သူတို့က နဂိုကတည်းက ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးပြီ။ ရွေးချယ်ပြီးတော့ အခု အန်ကယ့်ကို အနားပေးထားတော့ မပါ ပါဘူး။”
ကော်မတီဝင်ထဲမှာ အန်ကယ် မပါပေမဲ့ ကေအန်ယူနဲ့ အစိုးရဖက်ကို ဘယ်လိုမျိုး တိုက်တွန်းမှုတွေနဲ့ ပြောချင်တာမျိုးတွေ ရှိလဲ။
“ဒီလိုရှိတယ် အခုလည်း အန်ကယ်ပြောချင်တဲ့စကားက ပြည်ထောင်စု အစိုးရဘက်က ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီး ဦးခင်ရီတို့ ကိုယ်တိုင် ဦးစီးပြီးတော့ အန်ကယ့်ကို လာပြီးတော့ ပြန်အပ်ပေးတယ်။ ကေအန်ယူကို လာပြန်အပ်တယ်။ ကေအန်ယူကို ပြန်အပ်တဲ့အချိန်မှာ ကေအန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ရှိတယ်။ ကေအန်အယ်လ်အေ စစ်ဦးစီးချုပ် အပါအဝင် ဗဟိုကော်မတီဝင်တွေ ရှိတယ်။ နှစ်ဖက် ခေါင်းဆောင်တွေ ရှေ့မှာ အန်ကယ်က ပြောတယ်။ ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခက ရန်ငြိုးရန်စတွေ၊ အာဃာတတွေ၊ သံသယတွေက အများကြီး ရှိကြမှာပဲ အဲဒါတွေ ကျနော်တို့ လျှော့ချပြီးတော့ တဦးနဲ့တဦး ယုံယုံကြည်ကြည်နဲ့ တကယ့် ငြိမ်းချမ်းရေးကို တိုင်းပြည်မျက်နှာ ပြည်သူတွေမျက်နှာကို ရှေ့ထားပြီးတော့ ကျနော်တို့ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးက ရကိုရမယ်။ ရဖို့လည်း တာဝန်တွေ အများကြီး ရှိတယ်။ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ အန်ကယ် နှစ်ဖက်စလုံးကို အကြံပေးတယ်။”
သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပေါ့။ ပြန်လည် လွတ်မြောက်လာတော့ သမ္မတကို ပြောချင်တဲ့ စကားများ ရှိဦးမလား။
“ရှိတာပေါ့ အန်ကယ်က သမ္မတကြီးကို တွေ့တောင် တွေ့ချင်တယ်။ တနေ့တချိန်မှာ တွေ့အောင် လုပ်ပေးပါလို့လည်း ဝန်ကြီးဦးအောင်မင်းကို ပြောတယ်။ အန်ကယ်က သမ္မတကြီးကို သိပ်လေးစားတယ်။ လေးစားတယ်ဆိုတာ အန်ကယ် အခုလေ့လာ စုံစမ်းကြည့်သလောက် သူတို့နဲ့ ထိတွေ့ဆက်ဆံရတော့ သိလာတယ်။ သမ္မတကြီးက လေးစားတယ်။ တိုင်းပြည်ကို တကယ် ငြိမ်းချမ်းစေချင်တယ်။ တိုးတက်စေချင်တယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ဖော်ဆောင်မယ်ဆိုတာ အန်ကယ်က ယုံကြည်တယ်။ ဒါကြောင့်မို့ သမ္မတကြီးရဲ့ ဒီ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် အန်ကယ် အများကြီး ယုံကြည်တယ်။ အန်ကယ့်ကို လွှတ်ပေးလို့ လေးစားယုံကြည်တာ မဟုတ်ဘူး။ သမ္မတကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ နိုင်ငံ့ခေါင်းဆောင်ဂုဏ်ကို အန်ကယ်က လေးစားယုံကြည်တယ်။
ဝန်ကြီး ဦးအောင်မင်းကိုလည်း အများကြီး လေးစားတယ်၊ ကြည်ညိုတယ်။ ဝန်ကြီးဦးအောင်မင်းက တွဲလုပ်လို့ ရတဲ့ နိုင်ငံ့ခေါင်းဆောင် တယောက်ဖြစ်တယ်၊ ရိုးသားတယ်၊ ဖြူစင်တယ်၊ စေတနာမှန်တယ်။ အန်ကယ်က ဘာလဲဆိုတော့ အန်ကယ်လွတ်ပြီးတာနဲ့ ထောင်ဗူးဝကနေ သူ့ကိုယ်စားလှယ်က လာကြိုပြီးတာ့ နေပြည်တော်ကို ခေါ်သွားပြီးတော့ သူ့ဧည့်သည် အဖြစ်နဲ့ တပတ်နီးပါး သူ့ဆီမှာ နေရတယ်။ သူ့အိမ်မှာကို ထားတယ်။ သူ့အိမ်မှာ ထားပြီးတော့ တခါတည်းကို ပြုစုတယ်။ အန်ကယ့်ကို ဆေးတွေ အကုန်လုံး စစ်ပေးတယ်။ နောက်ပြီးတော့ အန်ကယ့်ကို ဖထီးတဲ့ သွားချင်တဲ့ နေရာသွား၊ ဓာတ်ပုံရိုက်ချင်တဲ့ နေရာရိုက် အန်ကယ့်ကို လွတ်လွတ်လပ်လပ် ပေးသွားတယ်။
နောက်ပြီးတော့ ကင်မရာလည်း တလုံးပေးတယ်။ အဲဒါ ရိုက်ချင်တာ ရိုက်ပါ လိုတာ ကျနော် ဘာမှ မချုပ်ချယ်ဘူးတဲ့။ လောလောဆယ်တော့ မီဒီယာနဲ့ မတွေ့ပါနဲ့ဦးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဖထီးကို ကေအန်ယူ လက်ထဲကို ပြန်မအပ်မချင်း ကျနော့်မှာ တာဝန်ကြီးလို့တဲ့ ဒီကြားထဲမှာ တခုခုဖြစ်ရင်။ အဲဒါလေး တခုတော့ မေတ္တာရပ်ခံတယ်။ ကျန်တဲ့ဟာ ဘာမှ ကန့်သတ်ချုပ်ချယ်တာ မရှိဘူး။”
နေပြည်တော် ရောက်သွားတော့ အန်ကယ် နေပြည်တော်ရဲ့ အခြေအနေ အနေအထားကို ကြည့်ပြီးတော့ ဘယ်လိုမျိုး ပြောချင်တာမျိုးတွေ ရှိဦးမလဲ။
“နေပြည်တော်ကြီးကတော့ အင်မတန် ခမ်းနား၊ ခန့်ညားထည်ဝါ မြို့တော်ကြီးတရပ်ရဲ့ ဂုဏ်အင်္ဂါနဲ့ ညီပါတယ်။ အဆောက်အဦတွေကတော့ အများကြီးပဲ လူတွေက နည်းနည်းလေးရယ်။ ကားတွေကလည်း နည်းနည်းလေး။ မြို့တော် အင်္ဂါရပ်နဲ့တော့ ပြည်စုံတယ် ဒါပေမဲ့ လူဦးရေ အင်္ဂါရပ်ကတော့ မပြည့်စုံဘူး။”
တခြား ဘာများ ပြောချင်တာ ရှိဦးမလဲ။
“အန်ကယ်ပြောချင်တာကတော့ အန်ကယ့် လွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ မိခင်ကေအန်ယူ အစည်းအရုံးနဲ့ ကရင်က ခေါင်းဆောင်တွေကို ကျေးဇူးတင်တယ်၊ ကရင်အမျိုးသားတွေကို ကျေးဇူးတင်တယ်၊ အန်ကယ့်အပေါ်မှာ စာနာထောက်ထားပြီးတော့ အန်ကယ်လွတ်မြောက်ရေးအတွက် ကြိုးပမ်းပြီးတော့ ဝိုင်းဝန်းတောင်းဆိုကြတဲ့ လှုပ်ရှားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အင်အားစုများကို အများကြီး ကျေးဇူးတင်တယ်။
ဒါကြောင့်မို့လို့ အန်ကယ်ပြောချင်တာကတော့ ငယ်ငယ်ကတည်းက လေ့လာခဲ့တဲ့ တရားတခု ရှိတယ် အဲဒါက ဘာလဲဆိုလို့ရှိရင် တရားရှိရင် ကူသူများတယ်၊ တရားမဲ့ရင် ကူသူရှားတယ် ဆိုတာ။ အန်ကယ့်ရဲ့ ဘဝ လက်တွေ့ ကနေပြီးတော့ ဒါ လက်တွေ့ဖော်ပြလိုက်တာပဲ။ ဒီတရားက မှန်တယ်ဆိုပြီးတော့ အန်ကယ် ပိုပြီးတော့ လေးနက် ယုံကြည်တယ်။”
- ပဒိုမန်းငြိမ်းမောင်