DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေနစ်နာမှု ဖြေရှင်းရန် ပန်းတောင်း ရွာသားများ တောင်းဆို
DVB
·
March 28, 2012
Donate to DVB

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပန်းတောင်းမြို့နယ်မှာ ပုဂ္ဂလိက ကုမ္ပဏီ တခုက ဒေသခံတွေရဲ့ လယ်မြေတွေပေါ်မှာ အဓမ္မကျွန်း စိုက်လို့ လယ်မြေဆုံးရှုံးတဲ့ လယ်သမား ၁၀၀ ခန့်ဟာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ညီညာ ချီတက်ပြီး ဖြေရှင်းပေး ဖို့ တောင်းဆိုကြပါတယ်။

အမျိုးသား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တောင်သူတွေ ဓားမဦးချ လုပ်ကိုင်နေတဲ့ ယာမြေတွေနဲ့ လယ်မြေတွေဘေးမှာ ကျွန်းပင် စိုက်ပျိုးတဲ့ အတွက် ကြုံနေရ တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးဖို့ တောင်းဆိုတာ လို့ တောင်သူတွေ က ပြောပါတယ်။

ပန်းတောင်းမြို့ ပေါ်တော်မူဘုရားကနေ အုပ်ချုပ်ရေးမှူးရုံးအထိ ငြိမ်ငြိမ် သက်သက်နဲ့ လမ်းလျှောက် ချီတက်ခဲ့တယ် လို့ ပါဝင်ခဲ့တဲ့ ကြာအင်းရွာက တောင်သူ ဦးစံပယ် က ပြောပါတယ်။

၉ ရက်နေ့စွဲနဲ့လည်း တောင်သူတွေက သမ္မတထံကို စာပို့တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။ “မတရား ကျုးကျော်ပြီးတော့ လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကပိုင် သယံဇာတ ကုမ္ပဏီကို မကျေနပ်လို့ တောင်းဆိုရခြင်း ဖြစ်တယ်။ လမ်းလျှောက်ပြီး ရိုးရိုးဆန္ဒပြခြင်း ဖြစ်တယ်။ နွားစားဖို့ရာ၊ နွားကျောင်းဖို့ရာ မရှိတဲ့အတွက် ကျနော်တို့မှာလည်း အနှောင့်အယှက် ဖြစ်နေတယ်။

နောက်ပြီး မိမိ ပိုင်ဆိုင်ထားတဲ့ ဧကတွေထဲက ရှင်းလင်းပြီးသားတွေ ကို သူတို့က ၀င်စိုက်တယ်။ နွားစားကျက်တွေ ထဲကိုလည်း ၀င်ပြီး စိုက်တယ်။ ကျနော်တို့ မခံစားနိုင်တော့လို့ တင်ပြရခြင်း ဖြစ်တယ်။ ”

အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးပါမယ်လို့ ရွာသားတွေကို ပြောဆိုပြီး မေးမြန်းမှတ်တမ်း ရယူခဲ့တယ်လို့လည်း ပြောပါတယ်။

ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းကြည့်ပေ မယ့် ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ၂၀၁၀ ခုနှစ် ဇွန်လက စပြီးတော့ ကုမ္ပဏီက ခွင့်ပြု ဧက ၄၀၀၀ ကျော်မှာ ကျွန်းပင်တွေကို စတင် စိုက်ပျိုးခဲ့တာဖြစ်ပြီး လက်ရှိမှာ ၂၀၀၀ လောက် စိုက်ပျိုးပြီးပြီလို့ လယ်သမားတွေက ပြောပါတယ်။

ကျွန်းပင်တွေကို ယာမြေတွေမှာရော လယ်မြေနဲ့ ၅ ပေအကွာမှာပါ စိုက်ကြတဲ့အတွက် လယ်မြေတွေကို ထိခိုက်နိုင်တယ်လို့ ဦးစံပယ်က ရှင်းပြပါတယ်။ ကျွန်းစိုက်ခင်းအတွင်း ကျွဲ၊ နွားတွေ ၀င်ရောက်ရင်လည်း ကုမ္ပဏီက အခကြေးငွေနဲ့ ပြန်ရွေး ယူခိုင်းသလို၊ မရွေးယူနိုင် ရှိရင်လည်း အဓမ္မ လုပ်အားပေး ခိုင်းစေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

စိုက်ခင်းထဲက ကျွန်းပင်ကို ထိခိုက်မိရင်လည်း မတန်တဆ လျော်ကြေးတွေ တောင်းခံ သလို တောင်သူတွေ လယ်ယာထဲကို သွားရောက်ရင်လည်း ဓားနဲ့ မီးခြစ် မယူဖို့ တားမြစ်တာတွေ လည်း ပြုလုပ်တယ်လို့ ပြောပါတယ်။ အမျိုးသား သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီကိုတော့ ဆက်သွယ်လို့ မရဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လယ်ယာမြေနစ်နာမှု ဖြေရှင်းရန် ပန်းတောင်း ရွာသားများ တောင်းဆို