တားမြစ်ကုန်ပစ္စည်း ရောင်းချပါက ကုန်ပစ္စည်းတန်ဖိုး၏ ၃ ဆ ဒဏ်ရိုက်ခံရမည်
အာကာ
·
October 5, 2017
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ထဲက ဈေးတွေမှာ FDA က တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေ ရောင်းချတာကို စစ်ဆေးတွေ့ရှိရင် ကုန်ပစ္စည်းတန်ဖိုးရဲ့ ၃ဆ ဒဏ်ရိုက် အရေးယူသွားမယ်လို့ သိရပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်အနေနဲ့ အများပြည်သူသိရှိအောင် ထုတ်ပြန်ထားပြီး တားမြစ် စားသောက်ကုန်နဲ့ ကုန်ပစ္စည်းတွေကို ရောင်းချတာတွေကို အရေးယူသွားဖို့ ရှိနေတာပါ။
လက်ရှိမှာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲက ဈေးတချို့မှာလည်း တားမြစ်စားသောက်ကုန်တွေ ရောင်းချတာတွေကို ကုန်ပစ္စည်းတန်ဖိုးရဲ့ ၃ဆ ဒဏ်ရိုက်အရေးယူတာတွေ စလုပ်နေပြီလို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးများဌာနက ပြောပါတယ်။
FDA အဖွဲ့က ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ထဲက ဈေးတွေကို ဆက်တိုက် စစ်ဆေးနေပြီး တားမြစ်ဆိုးဆေးနဲ့ ဖော်မလင်အသုံးပြုတဲ့ စားသောက်ကုန်တွေကို ဖော်ထုတ်အရေးယူနေပါတယ်။
ဒါ့အပြင် မြို့နယ် ၄၄ မြို့နယ်ထဲက ဈေးပေါင်း ၁၈၀ လောက်ကို လိုက်လံစစ်ဆေးရာမှာတော့ ပဲသွေးလို့ခေါ်ပြီး ရောင်းနေတဲ့ အမဲသွေး၊ ကြက်သွေး ၉၉% ရာခိုင်နှုန်းဟာ ဖော်မလင် ပါဝင်နေတယ်လို့ FDA က ပြောပါတယ်။
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲက ဈေးတွေနဲ့ ကျောင်းတွေမှာ ကလေးတွေ စားသုံးဖို့မသင့်တဲ့ အိမ်နီးချင်းနိုင်ငံထုတ်မုန့်နဲ့ အချိုရည်တွေ ရောင်းချတာတွေကိုလည်း စားသုံးသူဆိုင်ရာ အသင်းအဖွဲ့တွေ၊ စည်ပင်နဲ့ လွှတ်တော်အမတ်တွေ ပူးပေါင်းပြီး စစ်ဆေး သိမ်းဆည်းဖျက်ဆီးနေပါတယ်။