သိန္နီတံတားမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
DVB
·
March 28, 2012
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းအလို ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်က ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ မနက် အာရုံတက်အချိန် ၄ နာရီလောက်မှာ သိန္နီမြို့အဝင် တံတားမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားတာ ဖြစ်တယ်လို့ ဒေသခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက ဒီဗွီဘီကို ပြောပါတယ်။
သိန္နီမြို့ အဝင်တံတားမှာ ၅ မိနစ်ခြား ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီးတော့ နောက်ထပ် မပေါက်ကွဲသေးတဲ့ဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သီန္ဒီမြို့နယ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးလည်းဖြစ် ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်တဲ့ စိုင်းဝင်းခိုင်က ပြောပါတယ်။
“ဒီမနက်က လေးနာရီနဲ့ငါးမိနစ်မှာ တလုံး၊ လေးနာရီဆယ်မိနစ်မှာ တလုံး၊ တံတားအဝင်မှာ ပေါက်ကွဲတာ။ နှစ်လုံးတော့ ကျန်နေတယ်။ အားလုံး လေးလုံးပေါ့။ တံတားတော့ ဘာမှ မဖြစ်ဘူး။ မနက်အစောကြီးဆိုတော့ လူတွေလည်း မရှိဘူး။ အဲဒီတော့ ထိခိုက်မှု ဘာမှမရှိပါဘူး။”
ဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက် ရှိတယ်ဆိုတဲ့ သတင်းတွေကိုတော့ မရရှိသေးပါဘူး။ သိန္နီတံတားဟာ မူဆယ် - မန္တလေး လမ်းမကြီးပေါ်မှာရှိပြီး ကွန်ကရစ်တံတား အမျိုးအစား ဖြစ်ပါတယ်။ ဗုံးကွဲမှုကြောင့် ကွန်ကရစ် တံတားတိုင် အနည်းအကျဉ်း ထိခိုက် မှုရှိပေမယ့် ကြီးကြီးမားမားပျက်စီးမှုမရှိခဲ့ပါဘူး။ ဒါ့ပြင် ယာဉ်အသွားအလာတွေလည်း ဆက်လက် ရှိနေဆဲလို့သိရပါတယ်။
ဗုံးကွဲရတဲ့ အကြောင်းအရင်းနဲ့ ဘယ်သူ့လက်ချက် ဖြစ်သလဲ ဆိုတာကိုတော့ မသိရသေးဘဲ သိန္ဒီရဲစခန်းနဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး။
သိန္နီမြို့ဟာ လာမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လုံခြုံရေး အပေါ် သက်ရောက်မှုရှိ၊ မရှိကတော့ မသိရသေးပါဘူး။