Home
မြန်မာသတင်း
မန္တလေးမြို့ အဝင်ဂိတ်သစ်များ ထပ်မံဆောက်လုပ်မည်
DVB
·
October 4, 2017
  မန္တလေး မြို့ဝင်ကြေးကောက်နိုင်ဖို့ ဂိတ်သစ်တွေတည်ဆောက်ဖို့နဲ့ ရှိပြီးသားဂိတ်တွေကို လည်းခေတ်မီဂိတ်တွေ ဖြစ်အောင် အဆင့်မြှင့်ဖို့  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်နေပါတယ်။ လက်ရှိမှာတော့ မန္တလေး မြို့ဝင်ကြေးကောက်တဲ့ ဂိတ် ၄ ဂိတ်ကို လေလံစနစ်နဲ့ ကန်ထရိုက်ပေးပြီး ကောက်ခံနေတာ ဖြစ်ပါတယ်။ ဂိတ်မရှိဘဲ လွတ်နေတဲ့ မြို့ဝင်လမ်းတွေလည်း ရှိနေတာကြောင့် နောက်ထပ် ဂိတ် ၃ ခု ထပ်ဆောက်ပြီး စည်ပင်မှာ ဝင်ငွေပိုလာအောင် ကိုယ်တိုင်ကောက်ခံမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်  ဦးကျော်ရင်မြင့်က ပြောပါတယ်။ “စည်ပင်ကိုယ်တိုင်က ကောက်ဖို့စီစဉ်မှာပါ။ မန္တလေးမြို့တော်စည်ပင်က ကိုယ့်ဝင်ငွေနဲ့ ကိုယ့်မြို့ ဖွံ့ဖြိုးရေး လုပ်ရတာပါ။ ဝင်ငွေပိုလျှံနေတယ် ဆိုရင်တော့ အစိုးရဘတ်ဂျက်ထဲကို သွားရတာပါ။ ဒီဂိတ်တွေကိုလည်း လက်ရှိကောက်နေတဲ့ ပုံစံထက် ခေတ်မီပြီးပိုမြန်အောင် ကတ်စနစ်လိုမျိုးနဲ့ လုပ်ဖို့ စီစဉ်မယ်။ လုံခြုံရေးအတွက်လည်း ကင်မရာတွေနဲ့ စောင့်ကြည့်တာမျိုးတွေ လုပ်နိုင်အောင် စီစဉ်မယ်။” လက်ရှိကောက်ခံနေတဲ့ ဂိတ်တွေဟာ သတ်မှတ်ချက်ထက် ပိုကောက်ခဲ့ကြတယ်လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း မန္တလေးရဲ့ အတွင်းရေးမှူး  ဦးကျော်သူရက “အရင်က တန် ၂၀ အထိကို ၁၅၀ နှုန်း၊ တန် ၂၀ ကျော်တာကို ၃၀၀ နှုန်း ကောက်ဖို့ သတ်မှတ်ထားပေးမယ့် တန် ၂၀ ကျော်ရင် အားလုံးကို ၃၀၀ နှုန်းနဲ့ တွက်ပြီး ကောက်ခဲ့တယ်။ အဲဒါကို မြို့တော်စည်ပင်က ကွင်းဆင်းပြီးမှ လွန်ခဲတဲ့ တလလောက်ကစပြီး သတ်မှတ်ချက်ချက်အတိုင်း ကောက်နေတာ။ အရင်က ၈ ထောင် ၉ ထောင်ပေးခဲ့ရပေမယ့် အခုတော့ ၅ ထောင်လောက်ပဲ ပေးရတော့တယ်” မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်ကတော့ ဒီဂိတ်တွေကို လေလံပေးတာကနေ မနှစ်က ကျပ်သိန်းပေါင်း တသိန်းလေးသောင်းကျော် ရခဲ့တယ်လို့ ပြောပါတယ်။ လာမယ့် ဘဏ္ဍာနှစ်မှာတော့ မြို့အဝင်ဂိတ်အသစ်တွေ ဆောက်ပြီးရင် ဂိတ်ဝင်ကြေး ကောက်မယ့် ကုမ္ပဏီတွေကို လေလံပေးတော့မှာ မဟုတ်ဘူးဘဲ စည်ပင်ဝန်ထမ်း ဒါမှမဟုတ် အပြင်ဝန်ထမ်းတွေငှားပြီး ကောက်ခံသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ ဒီလိုဂိတ်တွေ ပြင်ဆင်ဖို့နဲ့ အသစ်ဆောက်ဖို့အတွက် တိုင်းအစိုးရထံကို တင်ပြထားပြီး လာမယ့် ဘဏ္ဍာနှစ်မှာ ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။ လက်ရှိ မန္တလေးမြို့ဝင်ဂိတ် တန်ပိုကောက်ခံမူကို အမရပူရမြို့နယ်ထွက် ရွှေကြက်ယက် အပေါ်အောက်ဂိတ်၊ မတ္တရာမြို့ဝင် ရွှေကျင်ဂိတ်၊ ပြင်ဦးလွင်ဘက် အောင်ပင်လယ်ဂိတ်နဲ့ ထုံးဘိုဂိတ်၊ မန္တလေးမြို့အထွက် မြစ်ငယ်ဂိတ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်-မန္တလေးလမ်းသစ်မှာ မြို့ဝင်ဂိတ်သစ်တခု ပါဝင်လာမှာဖြစ်ပြီး အားလုံးပေါင်း ဂိတ် ခုနစ်ခု ဖြစ်ပါတယ်။ သတင်း - ပိုင်စိုး၊ တာရာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024