လှည်းကူးမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ ရှင်ပြုအလှူပြုလုပ် မဲဆွယ်
ရွှေအောင်
·
March 28, 2012
အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးဟာ မတ် ၂၅ နဲ့ ၂၆ ရက်နေ့တုန်းက လှည်းကူးမြို့နယ် ဖောင်ကြီးမှာ သံဃာအပါး ၁၂၅ ပါး ကို ကမကထ လုပ်ပြီး ရှင်ပြုရင်း ကြံ့ခိုင်ရေး ပါတီအတွက် မဲဆွယ်စည်းရုံးခဲ့တယ် လို့ ဖောင်ကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် ကိုညိုထွန်းက ပြောပါတယ်။
[caption id="attachment_15079" align="alignleft" width="300" caption="၂၀၁၀ရွေးကောက်ပွဲ စည်းရုံးရေးဆင်းနေစဉ်"][/caption]
အမှတ် (၂) လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးဟာ ရှင်ပြုဖို့အတွက် သိန်း ၆၀ မတည် လှူဒါန်းပြီး လှည်းကူးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် အလုံးအရင်းနဲ့ လာပြီး မဲဆွယ် စည်းရုံးသွားတာ လို့ ပြောပါတယ်။
“၂၅ ရက်နဲ့ ၂၆ ရက် မှာ တော်တော် စည်စည်ကားကားပဲ လုပ်လိုက်တယ်။ ၀န်ကြီးက သိန်း ၆၀ မတည်ပေးလိုက် တယ်။ အဲဒါကို ကြံ့ခိုင်ရေးပါတီက တာဝန်ယူ လုပ်လိုက်တယ်။ ပင့်သံဃာ က ၆၂ ပါး၊ ၀န်ကြီး ကိုယ်တိုင် ရေစက်ချပြီး အလှူအတန်းပေးတယ်။ ပေးပြီးတာနဲ့ လှည်းကူးက ကြံ့ခိုင်ရေး ပါတီကားက ၁၅ စီး၊ ဆိုင်ကယ်က ၂၀ စီး၊ အင်အားပြပြီးတော့ တမြို့လုံးစည်းရုံးရေး ဆင်းကြတယ်။ ဒီဘက်က ပြည်သူလူထုကလည်း အငိုက်မိသွားတယ်။ ဒီလိုလုပ်ရပ်မျိုး မကြုံခဲ့ဘူး။ သူတို့ပြောထားတာရှိတယ်၊ တဦးချင်းပုံစံနဲ့ပဲ သွားမယ်ပေါ့။ အခုတခါ အလုံးအရင်းနဲ့ ၀င်လာပြီးမှ ပြည်သူတွေ အငိုက်မိသွားတယ်။”
ဦးခင်မောင်စိုးဟာ ဖောင်ကြီးသားဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ တုန်းက လှည်းကူးကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေး ပါတီက ဒေါက်တာအောင်မြတ်သူ အတွက် မဲဆွယ် စည်းရုံး ပေးခဲ့တာ လို့ ပြောပါတယ်။ မဲဆွယ်စည်းရုံးတာကို ရိုးရိုးတန်းတန်း မဲဆွယ်တာမဟုတ်ဘဲ ရှင်ပြုတာကို အကြောင်းပြုပြီး မဲဆွယ်စည်းရုံးသွားတာလို့ ကိုညိုထွန်းက ဆက်ပြောပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေး ပါတီနှစ်ခုက ကိုယ်စားလှယ် ၂ ဦး အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။