မြန်မာနိုင်ငံ၏လက်ရှိ လူဦးရေ ၅၃ ဒသမ ၃၉ သန်းရှိဟု ခန့်မှန်းထုတ်ပြန်
ပိုင်စိုး
·
October 3, 2017
မြန်မာနိုင်ငံရဲ့ လူဦးရေဟာ လက်ရှိမှာ ၅၃ ဒသမ ၃၉ သန်းရှိနေတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ခုနှစ် မတ်လမှာ ကောက်ယူထားတဲ့ သန်းခေါင်စာရင်း လူဦးရေ ၅၁ ဒသမ ၄ သန်း ကျော်ကို အခြေခံပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အတွက် ခန့်မှန်း တွက်ချက်ထားတာ ဖြစ်လို့ သုံးနှစ်ခွဲ ကာလအတွင်း လူဦးရေ သိန်း ၂၀ နီးပါး (၁ ဒသမ ၉ သန်း) တိုးလာတယ်လို့ ခန့်မှန်းတွက်ချက်ထားတာပါ။
နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ မူဝါဒနဲ့ စီမံကိန်းတွေ ချမှတ်တဲ့အခါ ဒီလူဦးရေ စာရင်းကို အခြေခံရတာ ဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၂၈ သန်း ၉ သိန်းကျော် ရှိခဲ့ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ သန်း ၃ သိန်းကျော်ရှိခဲ့တာပါ။
၂၀၅၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၅ သန်းလောက် ဖြစ်လာမယ်လို့ ပြည်သူ့ အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး မှာတော့ ၂၀၃၁ ခုနှစ်မှာ လူဦးရေ ၁၀ ဒသမ ၅ သန်းခန့် ရှိလာမယ်လို့လည်း အဲဒီ သုတေသန စာတမ်းမှာ ဖော်ပြထား ပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူခင်ကတော့ မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်လို့ အစိုးရက ခန့်မှန်းဖော်ပြသုံးနှုန်းခဲ့ပါတယ်။