Home
ဆောင်းပါး
ယီမင်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လို ဘယ်လောက်ရှိခဲ့သလဲ
DVB
·
October 3, 2017
  သုံးနှစ်တာ ပြည်တွင်းစစ်အတွင်း ယီမင်နိုင်ငံမှာ ဘက်အားလုံးက ကျူးလွန်ခဲ့တဲ့ စွပ်စွဲပြောဆိုထားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကယ်ပဲရှိခဲ့သလား၊ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက သဘောတူ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ ယီမင်နိုင်ငံ ပဋိပက္ခမှာ အဓိက ပါဝင်ပတ်သက်နေတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဒီပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး အလုံးစုံ စုံစမ်းစစ်ဆေးဖို့ ကိစ္စကို လက်မခံ တားဆီးခဲ့ပေမယ့် ခုတော့ ကံအကြောင်းမလှစရာ အခြေအနေ ဖြစ်လာပြီလို့ ဆိုရပါမယ်။ အဲဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှု ရလာတာဟာ ဆော်ဒီအာရေးဗီးယား၊ အာရပ်လိဂ်၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ အပြင်းအထန် အပေးအယူလုပ် ဆွေးနွေးညှိနှိုင်းကြအပြီးမှာ ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကော်မရှင်မှာ ပါဝင်မယ့် ကျွမ်းကျင်သူတွေကို ၂၀၁၄ ခုနှစ် ကာလကစပြီး ယီမင်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစီအရင်ခံတင်ပြဖို့ တရားဝင် တာဝန်ပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကိုပါ ရှာဖွေဖော်ထုတ်ပေးဖို့လည်း တာဝန်ပေးအပ်ထားတယ်လို့ ဆိုပါတယ်။ ဒီတင်ပြတောင်းဆိုမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ သောကြာနေ့က ဂျနီဗာမြို့မှာ သဘောတူလက်ခံခဲ့တာဖြစ်ပြီး ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ စီမံချက်ချ တောင်းဆိုနေခဲ့ကြတဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ တကယ်တော့ ယီမင်နိုင်ငံမြောက်ပိုင်းကို ၂၀၁၅ ခုနှစ်မှာ ဟူသီတွေက စီးနင်း သိမ်းပိုက်ပြီးကတည်းက အီရန်နိုင်ငံနဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတွေကို ဆော်ဒီအာရေးဗီးယားနဲ့ သူ့ရဲ့ မဟာမိတ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူလူထု ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လူ ၇၀၀၀၀၀ လောက် ဝမ်းရောဂါဘေးသင့်စေခဲ့တာ အပါအဝင် ကျယ်ပြန့်တဲ့ လူသားတွေ ကပ်ဘေးသင့်မှုတွေကို ဖြစ်စေခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ကုလသမဂ္ဂ အဖွဲ့ကြီးကတော့ ဆော်ဒီအာရေးဗီးယားနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေသန့်စနစ်တွေကို ဖျက်ဆီးခံခဲ့ရပြီး ခုလို ဝမ်းရောဂါ ကပ်ဘေးသင့်ခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလို ယီမင်နိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းစေလွှတ်ဖို့ ဆုံးဖြတ်ချက်ကို ယီမင်နိုင်ငံအတွက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေးမှူး ဂျေမီမက်ဂိုးလ်းရစ်ကလည်း ကြိုဆိုထောက်ခံခဲ့ပါတယ်။ “ကျနော်ထင်တယ်၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ စာနာထောက်ထားရေး ဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စွပ်စွဲပြောဆိုခံထားရတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်တဲ့ တကယ့် ကိုယ်တွေ့သက်သေတွေကို လူတိုင်း လာကြည့်နိုင်မှာဖြစ်သလို ဘက်ပေါင်းစုံမှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဖြစ်ခဲ့တဲ့ သက်ရောက်မှုတွေကို အတိုင်းအတာတခုထိ မြင်သာအောင် ပြသနိုင်ဖို့ အထောက်အပံ့ ဖြစ်စေနိုင်ပါလိမ့်မယ်။ ဒီတိုက်ခိုက်မှုတွေထဲမှာတော့ လူကောင်းဆိုတာ မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ လောလောဆယ် တည်ရှိနေဆဲဖြစ်ပြီး နိုင်ငံရဲ့ ဥပဒေမဲ့ဖြစ်နေတဲ့ အခြေအနေအောက်မှာ ဘာမှ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်ဘူးလို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ အားလုံးလောက်က မြင်နေတဲ့ ယီမင် အမျိုးသားစုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပဲ ဆက်လက်ထားရှိဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒီလို အပေးအယူလုပ် ဆွေးနွေးမှု မတင်မကျဖြစ်နေတဲ့ အခြေအနေမှာ နယ်သလန်နိုင်ငံက သုံးနှစ်သက်တမ်းရှိတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ဖွဲ့စည်းဖို့ စည်းရုံးပြောဆိုနိုင်တဲ့အတွက် နယ်သလန်နိုင်ငံက အောင်မြင်မှုရရှိခဲ့တယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် အာရပ်နိုင်ငံတွေရဲ့ ခုခံရပ်တည်မှုကိုတော့ မကျော်ဖြတ်နိုင်သေးဘူးလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ နယ်သာလန်နိုင်ငံက ပြင်သစ်နိုင်ငံက အပေးအယူလုပ် ညှိနှိုင်းကြဖို့ တွန်းအားပေးပြီးတဲ့ အချိန်ကျမှ သူ့ရဲ့ အလုံးစုံ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေး သူ့ရဲ့တင်ပြတောင်းဆိုမှုကို ပြင်ဆင်တင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက ဒီကိစ္စအပေါ် ရပ်တည်ချက်ကတော့ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ လူ့အခွင့်အရေးကို ဇောင်းပေးဖော်ပြထားသလို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သူပြောကြားခဲ့တဲ့ မိန့်ခွန်းအရ လူ့အခွင့်အရေးအပေါ် အလေးထားပါတယ်ဆိုတဲ့ ပြင်သစ်သမ္မတ အီမင်နျူယယ်လ် မက်ခရွန်ကို အစပျိုး စမ်းသပ်လိုက်တာပဲ ဖြစ်တယ်လို့ ရှုမြင်ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် ဂျနီဗာ အစည်းအဝေးရဲ့ နောက်ကွယ်မှာတော့ တကယ် နယ်သာလန်နိုင်ငံရဲ့ အဆုံးအဖြတ်ကို ထောက်ခံတဲ့ နိုင်ငံတွေအဖို့ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ ဆော်ဒီအာရေဗီးယားနိုင်ငံက သတိပေးတဲ့ စာတစောင်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ စာက စပြီးထောက်ခံခဲ့တဲ့ နိုင်ငံတွေကတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ နိုင်ငံရေး စီးပွားရေး ဆက်ဆံမှုတွေမှာ ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ကင်းဒမ်း နိုင်ငံကတော့ ဒီအပေးအယူ စေ့စပ်မှုကို ကြိုဆိုလိုက်ပြီး “ယီမင်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ အကြီးအကျယ် စိုးရိမ်ပူပင်စရာ ဖြစ်နေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်ကတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ယီမင်မှာ သူ့ရဲ့ လေကြောင်းတိုက်ခိုက်မှုစနစ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတယ်။ နောက် သူ့ရဲ့ အရပ်ဘက် ပစ်မှတ်ဖြစ်နေတာတွေနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ ပြည်တွင်း စုံစမ်းစစ်ဆေးရေးတွေကို ပိုပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်နေတယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံကတော့ သူတို့မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေကိုသာ တိုက်ခိုက်တာဖြစ်ပြီး ယီမင်ရဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ တရားဝင်အစိုးရကို အားပေးကူညီနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကတော့ ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားအများစု သေဆုံးမှုတွေကို ဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ခု စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းစေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်မှုကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ တရားမျှတမှု ပြန်လည်ပေးအပ်နိုင်ရေးအတွက် နောက်ကျနေပြီဖြစ်တဲ့ အခွင့်အလမ်းတခုပါပဲလို့ ပြောဆို ကြိုဆိုခဲ့ပါတယ်။ ဝေါချိုင်းယူကေ (War Child UK) ရဲ့ အမှုဆောင်အရာရှိချုပ် ရော့ဘ်စီလျံမ်ကတော့ “ဒီစုံစမ်းဖော်ထုတ်မှုက ဘက်မလိုက်ရပါဘူး။ ယီမင်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း ပါဝင်ခဲ့တဲ့ အဖွဲ့တွေအားလုံးက တင်ပြ တောင်းဆိုလာတာတွေကို စုံစမ်း စစ်ဆေးရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘာရိန်း အခွင့်အရေးနဲ့ ဒီမိုကရေစီ  အင်စတီကျုကလည်း “ဒီမဲခွဲဆုံးဖြတ်မှုဟာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုပါ။ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့ ရှေ့တလှမ်း တက်လိုက်တာပါပဲ။ ကျွမ်းကျင်သူတွေက အနည်းဆုံး သဘောတရားအရပဲဖြစ်ဖြစ် ယီမင်ကို ထိတွေ့အကဲဖြတ်နိုင်သလို တခြား ကုလသမဂ္ဂ အခွင့်အာဏာရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေလိုပဲ ယီမင်နိုင်ငံမှာ သူတို့လုပ်ငန်းကို သူတို့ ဆောင်ရွက်နိုင်ကြပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနဝန်ကြီး ထာရစ်အာမက်ကတော့ “ဆက်ပြီးဖြစ်နေတဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေအတွက် ကျနော်တို့ အများကြီး စိုးရိမ်ကြောင့်ကြ ဖြစ်နေရပါတယ်။ ခု နိုင်ငံတကာ အဖွဲ့အစည်းက ခိုင်မာတဲ့ လုပ်ရပ်တခုအဖြစ် ထင်ရှားတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ကျွမ်းကျင်သူတွေကို အဖွဲ့ ဖွဲ့ပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုလူတွေကပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့၊ ရှိခဲ့တယ်လို့ မှတ်တမ်းမှတ်ရာ ရှိခဲ့ရင် တိုင်တန်းပြောဆိုမှုတွေ ရှိခဲ့ရင် စုံစမ်းဖော်ထုတ် အရေးယူဖို့သင့်ပြီး ဆိုင်ရာနိုင်ငံအစိုးရက သူတို့ကိုယ်တိုင် ကျူးလွန်သူတွေ ဖြစ်နေလို့ မလုပ်ရင်တောင်မှ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂက ဦးဆောင်ပြီး ခုလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေး၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တင်ပြီး ကျူးလွန်ခဲ့သူတွေကို အပြစ်ပေး အရေးယူမှပဲ တရားမျှတမှု ဆိုတာ ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။      ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024