Home
ရုပျသံ
ရခိုင်​အ​ရေး ​နောက်​ဆက်​တွဲ ဂယက်ထနေတဲ့ နိုင်ငံတကာဖိအားများ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
October 3, 2017
ဒီတပတ်တင်ဆက်မယ့် အကြောင်းအရာကတော့ စက်တင်ဘာ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တတိယအကြိမ်မြောက် ဒီတခါတော့ Open Door ပဲ ဆွေးနွေးသွားပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေကို အဓိက ဆွေးနွေးသွားပါတယ်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံမှာတော့ တချို့ အနောက်အုပ်စု၊ အရှေ့အုပ်စု ခွဲပြီး ပြောသွားပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရပ်စ်ကတော့ ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးတွေ ရပ်စဲပေးဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေကို ရောက်ရှိအောင် ပို့ပေးဖို့နဲ့ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိနဲ့ စနစ်တကျ ပြန်လည်လက်ခံပေးဖို့ အဓိက ၃ ခုကိုပဲ ဆွေးနွေးသွားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ နိုင်ငံတကာမှာလည်း မြန်မာပြည်နဲ့ပတ်သက်လို့ အမြင် မြောက်မြားစွာရှိပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ စာရေးဆရာ၊ (ယခင်) သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာဦးတင်မောင်သန်းကို အရင်ဆုံး မေးပါရစေ။ အခု နိုင်ငံတကာစာမျက်နှာမှာ မြန်မာပြည်ရဲ့အရေးက အမြဲတမ်းလည်း ပြောနေရတယ်။ အခုလိုဆိုရင် အချိန်တိုအတွင်းမှာ လုံခြုံရေးကောင်စီမှာ ၃ ကြိမ် ဖြစ်သွားတယ်။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ အမြင်ရော၊ ပြည်တွင်းရေး အခြေအနေတွေရော နိုင်ငံတကာအမြင်မှာ မြန်မာပြည်ရဲ့ issue က ဘာတွေ ဖြစ်နေလဲ။ အဲဒါရဲ့ သက်ရောက်မှုကို ဘယ်လိုကိုင်တွယ်ရင် ကောင်းမလဲ၊ ဆရာ အဲဒီကစပြီး ဆွေးနွေးပေးပါဦး။” ဦးတင်မောင်သန်း (စာရေးဆရာ၊ ယခင် သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ) “ပထမဆုံးတော့ ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီပေါ့နော်။ နိုင်ငံတကာမှာတော့ ရိုဟင်ဂျာလို့ ပြောကြတယ်။ ဘင်္ဂါလီတွေရဲ့ လူဦးရေက တော်တော်ကြီး များတယ်။ မနေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ပြောတဲ့အထဲမှာ သူပြောတဲ့စကားအရ ၅ သိန်းအထိ ရောက်သွားပြီလို့လည်း တချို့ ပြောကြတယ်ပေါ့နော်။ ရှိနေဆဲ ၂ သိန်းနဲ့ ပေါင်းရင်း ၇ သိန်းဆိုတော့ ၁ သန်းနီးပါးရှိတဲ့ ပမာဏပေါ့။ ဒီလောက်အထိ ဒုက္ခသည်တွေ သွားတဲ့ပမာဏက တော်တော်ကြီးတော့ ကြီးမားတယ်။ ဒါကတော့ အဓိကပြောလာတာတော့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာက နားလည်တယ်ပေါ့နော်။ နိုင်ငံတကာဘက်ကနေ အမြင်နဲ့ ကျနော်တို့ဘက်ကနေ အမြင်ကြားမှာ ကွာဟနေတာ ရှိတယ်။ နိုင်ငံတကာဘက်က အမြင်ကျတော့လည်း လူတွေ ဒီလောက်အများကြီး ထွက်လာတာ အကြောင်းတခုခုတော့ ရှိလိမ့်မယ်လို့ ယူဆတယ်။ ကျနော်တို့ဘက်မှာကျတော့ လူမှုစာမျက်နှာတွေမှာ ပေါ်နေတာကျတော့ ရွာတွေမှာရှိတဲ့ မော်လဝီဆရာတွေရဲ့ သြဇာနဲ့ ထွက်သွားကြတာ ဖြစ်တယ်၊ အမိန့်ပေးလို့ ထွက်သွားကြတာ ဖြစ်တယ်ဆိုတဲ့ အရေးအသားတွေလည်း တွေ့ရတယ်။ ဒါတွေက ကျနော်တို့ ဒီလိုပြောတာကလည်း အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ကော်မရှင် အဖွဲ့ဝင်တွေရဲ့ ပြောစကားမှာလည်း သက်ဆိုင်ရာဒေသ ရွာတွေရဲ့ ခေါင်းဆောင်တွေအဖြစ်နဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဖြစ်နေခဲ့တယ်။ အစ္စလာမ်အသိုင်းအဝိုင်းက ကျနော့်မိတ်ဆွေတွေ ပြောတာကလည်း  အထူးသဖြင့် အဲဒီဒေသမှာရှိတဲ့ ဘာသာရေးဆရာတွေ၊ မော်လဝီဆရာတွေက များသောအားဖြင့် အခြေခံဝါဒီတွေပေါ့။ အင်မတန် ရှေးရိုးစဉ်လာစွဲကြီးတဲ့ အခြေခံဝါဒီဂိုဏ်းကလူတွေ ဖြစ်တယ်။ ပထမ ထူးခြားချက်တခုက အဲဒီမှာရှိနေတဲ့ အစ္စလာမ်ဘာသာရဲ့ ပျော့ပျောင်းမှုနဲ့ တင်းမာမှုအခြေခံဟာ ပြည်တွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မတူတဲ့ အနေအထားတခု ရှိတယ်။ ဒီလိုထွက်သွားတဲ့ ပမာဏအရလည်း များပြားတာကြောင့် နိုင်ငံတကာကလည်း ခုနပြောနေတဲ့ ဒေသတွင်း ထူးခြားချက်တွေကို နားလည်တာထက် ထွက်သွားတဲ့ ပမာဏကြီးရဲ့ ကြီးမားမှု  အချိန်ကာလတိုအတွင်းမှာ ဒါရဲ့ လှိုင်းလုံးကြီးအောက်မှာ ဒါက ဖြစ်သွားတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း တခြားနိုင်ငံတွေမှာ စစ်ဘေးကြောင့် ဖြစ်တဲ့ဟာတွေမှာ ဆိုရင်လည်း ဒီလိုဖော်ပြတာမျိုးတွေက တခြားနိုင်ငံတွေ အဖြစ်အပျက်မှာလည်း ဖော်ပြခဲ့တာတွေ ရှိတယ်။ ကုလသမဂ္ဂက တုံ့ပြန်တာလည်း ဒီလိုပဲ တုံ့ပြန်တာတွေရှိတယ်။ ဒီအခြေအနေမှာ ကျနော်တို့က ဘယ်လိုနည်းအားဖြင့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကတော့ ကျနော်တို့ မသိရပေမယ့် နိုင်ငံတော်အဆင့် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ရေးခေါင်းဆောင်တွေကြားထဲမှာ အပြန်အလှန် အလေးအနက်ထားပြီး ဆွေးနွေးနေကြတာတော့ ရှိလိမ့်မယ်လို့ ကျနော်ထင်တယ်။ အခုအချိန်မှာတော့ ယေဘုယျ ကိုင်တွယ်ဖြေရှင်းပုံက ကိုဖီအာနန်ရဲ့ အစီရင်ခံစာမှာပါတဲ့ အကြံပြုချက်တွေအတိုင်း ဖြေရှင်းမယ်လို့ သိရတယ်။ ကုလသမဂ္ဂမှာ ရောက်သွားတဲ့ ဆရာဦးသောင်းထွန်းရဲ့ ပြောစကားအရလည်း အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်လက်ခံဖို့နဲ့ ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်မယ်လို့ သိရတယ်ပေါ့။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာ ပြောတာကတော့ ရခိုင်ဒေသရဲ့ ထူးခြားချက်ပေါ့နော်။ အချိန်တို သုံးလေးပတ်အတွင်းမှာ လူ ၄ သိန်းလောက် ပြေးသွားတယ်ပေါ့နော်။ အဲဒီလိုဆိုတော့ ဒီအတိုင်းအတာထဲမှာ နိုင်ငံတကာက ပြောနေကြတာ ဒါ Ethnic Cleansing လားလို့၊ လူသားမျိုးနွယ်ကို အဓိပ္ပာယ်ရှိရှိနဲ့ ရှင်းလင်းမှုတွေ လုပ်နေလားဆိုတာ စိုးရိမ်မှုတော့ ရှိတယ်ပေါ့။ နောက်တခုကလည်း ရခိုင်ရဲ့ ထူးခြားချက်တွေ ရှိတယ်။ နိုင်ငံတကာကတော့ ဒီလိုမျိုး ပြောကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ဒေါက်တာရန်မျိုးသိမ်းကိုလည်း မေးပါမယ်။ အခုအခြေအနေပေါ့နော်။ သေချာတာကတော့ ဒီဟာဖြစ်နေတယ်၊ စိုးရိမ်မှုတွေလည်း ရှိတယ်၊ တချို့ကလည်း ပြောတယ်၊ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကယ်ရှိနေလားပေါ့။ အဲဒါကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာမှာလည်း အမြင်တွေ မျိုးစုံရှိတယ်။ ဒါရဲ့ရိုက်ခတ်မှု၊ မြန်မာပြည်ရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ဂုဏ်သိက္ခာမကျရအောင်၊ တကယ့်ပြဿနာကို ပြေလည်နိုင်မှာမျိုး ဘာများလုပ်သင့်လဲ။ ဘယ်လိုမျိုး ကိုင်တွယ်သင့်လဲ။ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) “နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ လက်ရှိ ရခိုင်ပြဿနာ အပါအဝင် အခြား အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေမှာ အစိုးရအနေနဲ့ ရဲရဲဝံ့ဝံ့ ထိတွေ့ဆက်ဆံနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ ဥပမာအားဖြင့် နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ ကျနော်တို့မှာ အားသာချက်တွေ ရှိတယ်၊ အားနည်းချက်တွေ ရှိတယ်။ ဥပမာ ကျနော်တို့ဟာ ဒီပြဿနာတွေကို ချဉ်းကပ်တဲ့အခါမှာ လုံးဝ အလုံးစုံ ခုခံကာကွယ်တဲ့ဘက်ကနေ ကျနော်တို့ ချဉ်းကပ်မယ်ဆိုရင် ကျနော်တို့ဟာ အဖြေကို ရောက်ပါ့မလားလို့ စဉ်းစားစရာရှိတယ်။ ဥပမာ ဒီပြဿနာတခုလုံးမှာ ပါဝင်နေတဲ့သူတွေဟာ လူသားတွေဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့ဟာ အချိန်မရွေး အမှားအယွင်း လုပ်နိုင်တယ်။ နောက်ပြီးတော့ ပြဿနာရဲ့ ရှုပ်ထွေးတဲ့အခြေအနေ၊ ရှည်လျားတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ အမှားဆိုတာ အမြဲတမ်းရှိနိုင်တယ်။ ကျနော့်အမြင်အားဖြင့် နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ မတရားဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ်မှာ ကျနော်တို့ အစိုးရအနေနဲ့ လုံးဝမရှိဘူးလို့ ငြင်းကွယ်တာမျိုး မဟုတ်ဘဲနဲ့ အစိုးရအနေနဲ့လည်း ဒီလိုချိုးဖောက်မှုတွေရှိရင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းပဲ သူ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ သူ့အနေနဲ့ ဒီလိုမျိုးတွေ လက်မခံနိုင်ဘူးလို့ အတိအကျ ပြောထားတာ တွေ့ရတယ်။ အစိုးရ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း လက်မခံနိုင်ဘူးလို့ ကျနော်လည်း ယုံကြည်တယ်။ အဲဒီလိုမျိုးတွေ ရှိလာခဲ့ရင် နိုင်ငံတကာကလည်း သိအောင် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီးတော့ ဖော်ထုတ်တာမျိုးကို လုပ်သင့်တယ်လို့ မြင်တယ်။ ဒီထက်ပိုပြီးတော့ နောက်တဆင့်ဆိုရင် အာဆီယံဒေသတွင်းကပဲဖြစ်ဖြစ်၊ နိုင်ငံတကာကပဲဖြစ်ဖြစ် အဲဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကို ဖိတ်ခေါ်ပြီးတော့ ဒီကိစ္စတွေ မြေပြင်မှာဖြစ်တာဟာ မဟုတ်ပါဘူး၊ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း ကျနော်တို့အနေနဲ့ တရားဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးတော့ အရေးယူမှုတွေ လုပ်နေပါတယ်ဆိုတာကို ထုတ်ပြန်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024