သံတမန်များ၏ ရခိုင်ပြည်နယ်ခရီးစဉ်သည် စုံစမ်းစစ်ဆေးရေးခရီးစဉ်မဟုတ်ဟုကြေညာ

  မြန်မာနိုင်ငံအစိုးရရဲ့ ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့ကြတဲ့ ခရီးစဉ်ဟာ စုံစမ်းစစ်ဆေးရေးခရီးစဉ်မဟုတ်ကြောင်း နိုင်ငံတကာသံတမန်တွေက   အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ကြေညာပါတယ်။ ခရီးစဉ်အတွင်း မောင်တောနဲ့ ရသေ့တောင်ဒေသရှိ ကျေးရွာတွေကို သံတမန်အဖွဲ့ သွားရောက်ခဲ့ပြီး ယခုထက်တိုင် စိုးရိမ်ပူပန်မှုကြီးစွာခံစားနေရတဲ့  လူမှုအသိုင်းအဝိုင်း အားလုံးမှ လူတွေကို အားပေးခွင့်ရရှိခဲ့တယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူသွားဖို့နဲ့ ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ရခိုင်သို့သွားခွင့်ပြုဖို့လည်း နိုင်ငံတကာသံတမန်တွေက ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။   “ယခုခရီးစဉ်သည် စုံစမ်းစစ်ဆေးရေး ခရီးစဉ်မဟုတ်သလို ထိုသို့ စုံစမ်းစစ်ဆေး ရန်လည်း အခြေအနေမပေးပါ။ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်များအား စုံစမ်းရန်မှာ ကျွမ်းကျင် ပညာရှင်များမှ ဆောင်ရွက်ရန် လိုအပ်ပါလိမ့်မည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ရာတွင် ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်သွား မည်ဆိုသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကတိကဝတ် ကိုလည်း ကြိုဆိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် စွပ်စွဲချက်များကိုလည်း အပြည့်အဝ စုံစမ်းစစ်ဆေးသွားရန်နှင့် လူ့အခွင့်အရေးချိုးဖောက်သူများကို အရေးယူ ဆောင်ရွက်သွားရန် မြန်မာအာဏာပိုင်များအား တောင်းဆိုလိုက်ပါသည်။ ကုလသမဂ္ဂ အချက် အလက်ရှာဖွေ ရေးအဖွဲ့ကိုလည်း ရခိုင်သို့သွားရောက်ခွင့်ပြုရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။”လို့သံတမန်အဖွဲ့ရဲ့ခရီးစဉ်အပြီးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုတွေနဲ့ လူအမြောက်အများ နေရပ်စွန့်ခွာမှုတွေကို  အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း၊ မီးရှို့ခံထားရပြီး လူမနေတော့သည့် ရွာတွေကိုလည်းတွေ့ရှိခဲ့ရကြောင်း၊ ရခိုင် ပြည်နယ်မှာ နေထိုင်သူအားလုံးကို ခွဲခြားမှုမရှိဘဲ ကာကွယ်ပေးဖို့တာဝန်ရှိပြီး မီးရှို့ဖျက်ဆီးမှုတွေကို  တားဆီး ကာကွယ်ရမှာဖြစ်ကြောင်းလည်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ နေရပ်သို့ ဆန္ဒအလျောက် စိတ်ချလုံခြုံ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးဆောင်ရွက်ပေးဖို့၊ လူသားချင်း စာနာမှုအကူအညီတွေအတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့၊ သတင်းထောက်တွေကို ရခိုင်ပြည်နယ်ရဲ့ မည်သည့်နေရာ ဒေသမဆို အတားအဆီးမရှိ သွားရောက်ခွင့်ပေးဖို့နဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာကို အပြည့်အဝ အကောင်အထည်ဖော်ဖို့လည်း အစိုးရကို တိုက်တွန်းတောင်းဆိုထားပါတယ်။ ဒီခရီးစဉ်ကို နိုင်ငံတကာသံအမတ်တွေဖြစ်ကြတဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊ နော်ဝေး၊ အစ္စရေး၊ နယူးဇီလန် စတဲ့နိုင်ငံတွေက သံတမန်အဖွဲ့ဝင်၄၀ အပါအဝင် သတင်းမီဒီယာအချို့ လိုက်ပါခွင့်ရခဲ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦးဆောင်ပြီး ယူအန်အဖွဲ့အစည်းတွေအပါအ၀င် နိုင်ငံတကာသံတမန် ၄၀ ကျော် အကြမ်းဖက်ခံရတဲ့ မောင်တောမြောက်ပိုင်း လက်ရှိအခြေအနေတွေကိုေ အာက်တိုဘာလ ၂ ရက်နေ့ လိုက်လံပြသ ခဲ့ပါတယ်။ အကြမ်းဖက်ခံရတဲ့မောင်တောလက်ရှိအခြေအနေကို ရဟတ်ယာဉ်၃စင်းနဲ့ နေရာသုံးနေရာ ခွဲပြီး ရသေ့တောင် မြိုနယ်ထဲက ကျေးရွာတချို့နဲ့ မောင်တောမြို့နယ်ထဲက ရွှေဇား၊ ပန်းတောပြင်၊ ရဲဘော်ကျ၊ နူရူလာ စတဲ့ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းခွင့်ရခဲ့ပါတယ်။ စစ်တွေလေဆိပ်ကို ညနေပိုင်း ၅ နာရီဝန်းကျင်မှာရောက်လာပြီး နိုင်ငံတကာ သံတမန်တွေကို မောင်တော ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က လူမျိုးသုန်း သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းဝိုင်းက စွပ်စွဲနေပြီး အဲ့ဒီစွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခုခရီးစဉ်ကို အစိုးရက စိစဉ်ခဲ့တာဖြစ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်လေဆိပ်မှာ သံတမန်တွေကိုပြောကြားခဲပါတယ်။ ညနေပိုင်းမှာ  စစ်တွေလေဆိပ်ကနေပြီး ရန်ကုန်မြို့ကို မြန်မာလေကြောင်;လိုင်းနဲ့ ပြန်လည်ထွက် ခွာသွားကြပါတယ်။ သံတမန်အဖွဲ့ရဲ့ ခရီးစဉ်ကို မူလက စက်တင်ဘာ ၂၈ ရက်မှာ သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုမကောင်းတာကြောင့် အောက်တိုဘာ ၂ရက်နေ့ကို ရွေ့ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up