ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် ဒေသခံတောင်သူများ ကျိန်စာတိုက်
DVB
·
October 2, 2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ အတွက် ကျိန်စာတိုက်ပွဲကို ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကျိန်စာတိုက်ပွဲမှာ စိုက်ပျိုးမြေ လယ်ယာမြေ ဧက ၁၉၀၀ ကျော်ကို ပြန်လည်ဖော်ဆောင်ပေးဖို့ဆိုတဲ့ တောင်းဆိုမှုလည်း ပါဝင်ပါတယ်။
“ကျမတို့ လယ်ယာမြေ ဧက ၁၉၀၀ ကို ပြန်လည်ဖော်ဆောင်ပေးဖို့ တောင်းဆိုတာ အခုချိန်ထိ ဘာမှ သိပ်ထူးခြားမလာသေးဘူး။ ဒါ့ကြောင့် အခုလို ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ဒီစီမံကိန်းဖျက်သိမ်းဖို့ ကျိန်စာတိုက်တာ ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဒီအတွက်လည်း ဆက်လက်တောင်းဆိုသွားမယ် " လို့ ဆည်တည်းကျေးရွာသူ မအေးဝင်းက ပြောပါတယ်။
ဒေသခံတောင်သူတွေက ကျိန်စာတိုက်ပွဲကို မိုးကြိုးပြင်အလယ်ရွာထိပ်မှ စတင်က ပုသိမ်- မုံရွာလမ်းဘေးရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့ထိ သွားရောက်ပြုလုပ်ကြတာ ဖြစ်ပါတယ်။
အဆိုပါ ကျိန်စာတိုက်ပွဲမှာ ဆည်တည်း၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ကျေးရွာမှ လယ်ယာမြေ အသိမ်းခံရတဲ့ တောင်သူတွေလည်း ပါဝင်ပါတယ်။
ရန်နိုင်စိုး