အာဖဂန် ဗလီတခုအနား အသေခံဗုံးခွဲ၊ ၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က ရှီးယိုက် မွတ်စလင်ဗလီတခုနားမှာ စက်တင်ဘာ ၂၉ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ရှီးယိုက် မွတ်စလင်တွေရဲ့ အကြီးစား ဘာသာရေး အခမ်းအနားတခု မတိုင်ခင် ၂ ရက်အလိုမှာ ခုလို တိုက်ခိုက်ခဲ့တာပါ။ ဒီလုပ်ရပ်ကို အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက တာဝန်ခံခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ဟူစိန်နီယာ ဗလီရဲ့ အပြင်ဘက် လမ်းပေါ်မှာ တိုက်ခိုက်သူက သူ့ဝတ်စုံပေါ်က ဗုံးကို ခွဲခဲ့တာပါ။ ဒါကြောင့် အနားက ဆိုင်တွေလည်း သိသိသာသာ ပျက်စီးခဲ့ပါတယ်။ “တိုက်ခိုက်သူကို ကြည့်ရတာ အင်မတန် သံသယ ဖြစ်စရာ ကောင်းလို့ လမ်းလျှောက်တာ ရပ်ခိုင်းခဲ့တယ်။ ဒါပေမယ့် သူက ကျနော့်ဆီကို တည့်တည့်လျှောက်လာခဲ့ပြီး သူ့အိတ်ကပ်ထဲက သော့ကို ဆွဲထုတ်တယ်။ ဒါကြောင့် သူ့ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ လမ်းသွားလမ်းလာတွေလည်း ထွက်ပြေးကြတယ်။ အဲဒီအချိန်မှာ သူက ဗုံးကို ဖောက်ခွဲခဲ့တာ” လို့ ဗလီအပြင် လုံခြုံရေး အစောင့်က ပြောပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က နားရက်ဖြစ်တာကြောင့် အသေအပျောက် မများခဲ့တာလို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ကဘူးလ်မှာ ရှီးယိုက် မွတ်စလင်တွေကို ဒုတိယအကြိမ် တိုက်ခိုက်မှုပါ။ တနင်္ဂနွေနေ့ဟာ ရှီးယိုက် မွတ်စလင်တွေရဲ့ အာရှူရာ မြင့်မြတ်သောနေ့ပါ။ ဒါကြောင့် ဆွန်နီမွတ်စလင် အစွန်းရောက်အုပ်စုက အကြမ်းဖက် တိုက်ခိုက်မှုတွေ ပိုလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။

More News
Up