Home
မြန်မာသတင်း
အောင်ဝင်းခိုင် လက်စဖျောက်ခံလိုက်ရပြီလို့ ယူဆကြောင်း ဦးအောင်စိုးပြော
DVB
·
September 30, 2017
ဦးကိုနီအသတ်ခံရမှုမှာ လွတ်မြောက်နေဆဲ တရားခံတယောက်ဖြစ်တဲ့ အောင်ဝင်းခိုင်ဟာ လက်စဖျောက်ခံလိုက်ရပြီလို့ယူဆကြောင်း ဦးအောင်စိုးက သူ့အမြင်ကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလုပ်ကြံခဲ့ရာမှာ ပါဝင်နေတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ စက်တင်ဘာလ ၂၉ ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဦးကိုနီအား လုပ်ကြံဖို့ ငှားရမ်းခံခဲ့ရသူ ဦးအောင်စိုးကို ၄၂ ယောက်မြောက် တရားလိုပြသက်သေအဖြစ် မြောက်ပိုင်းခရိုင်တရားရုံးမှာ ခေါ်ယူစစ်ဆေးခဲ့တာပါ။ အောင်ဝင်းဇော်က ဦးကိုနီအား သတ်ပေးဖို့ လာရောက် ငှားရမ်းချိန်မှာ မိမိတို့ဌာနက လိုအပ်သလောက် ပေးမယ့်အကြောင်း ဌာနအနေနဲ့ ငှားရမ်းခဲ့တာဖြစ်တယ်လို့ ဦးအောင်စိုးက တရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် သူ့အထက်ကလူတွေအနေနဲ့လည်း အောင်ဝင်းခိုင်ကြောင့် ခေါင်းရှုပ်မခံတော့ဘဲ ရှင်းထုတ်ပစ်လိုက်မှာဖြစ်တယ်လို့ သူ့အမြင်ကို သတင်းမီဒီယာတွေကိုပြောပြခဲ့တာပါ။ ဦးအောင်စိုးဟာ အောင်ဝင်းဇော်၊ ကြည်လင်းတို့နဲ့ ထောင်ထဲမှာ အတူနေခဲ့ရသူ တယောက် ဖြစ်ပါတယ်။ အောင်ဝင်းဇော်က ဦးကိုနီကိုသတ်ပေးဖို့အတွက် လာရောက်ငှားရမ်းခဲ့ချိန်မှာ သူ့အနေနဲ့ မကောင်းတဲ့အလုပ်တွေ မလုပ်ချင်တော့ကြောင်းငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဦးကိုနီ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီးလည်း ဖြစ်စဉ်အချို့ကို ဖော်ထုတ်ပေးခဲ့သူတယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကိုနီကို  ကြည်လင်းက သေနတ်နဲ့ လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံဖို့ ကြည်လင်းအား လေဆိပ်ကို လိုက်ပို့တယ်လို့ ယူဆရသူ အောင်ဝင်းခိုင်ကတော့ အခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024