Home
မေးမြန်းခန်း
အစိုးရဘတ်ဂျက်ငွေစာရင်းကို လွှတ်တော်က အတည်ပြုနိုင်ပြီ
အေးနိုင်
·
March 26, 2012
၂၀၁၂ - ၁၃ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စု အစိုးရ သုံးရမယ့် ဘတ်ဂျက် စာရင်းကို ပြည်ထောင်စု လွှတ်တော်က မတ် ၂၂ ရက်နေ့က အတည်ပြု ပြဌာန်း လိုက်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်ကို အရင်ကထက် ၄ ဆနဲ့ ပညာရေး အတွက်ကို ၂ ဆ တိုးမြှင့်ဖို့ အတည်ပြုပြီးတော့ တချို့ဝန်ကြီးဌာန အသုံးစရိတ်တွေကိုလည်း ၃၀ ရာခိုင်နှုန်း ကနေ ၁၀၀ ရာခိုင်နှုန်း ထိ လျှော့ချခဲ့ပါတယ်။ ၂၀၁၂ - ၁၃ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘတ်ဂျက်နဲ့ ပတ်သက်လို့ လွှတ်တော်မှာ အတည်ပြုတယ် ကြားပါတယ်။ ဟုတ်ပါသလား။ “၂၀၁၂ - ၁၃ ဘဏ္ဍာရေး နှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုပေးလိုက်ပါပြီ။ ဘတ်ဂျက်တခုလုံးရဲ့ အတည်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ပေးတာပါ။” ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဘယ်လောက်နှုန်းထားတွေနဲ့လည်း ဆိုတာ အကြမ်းဖျင်း ပြောပြပေးပါလား။ “မနှစ်က ဘတ်ဂျက်ထက် သာမန် အသုံးစရိတ်ထက် ၃၀ရာခိုင်နှုန်း ပိုနေတဲ့ ၀န်ကြီးဌာနတွေ ကို လွှတ်တော်ကနေ လျှော့လိုက်ပါတယ်။ လျှော့လိုက်တဲ့အတွက် ဘတ်ဂျက် အသုံးစရိတ်က အရင်က တင်ပြထားတဲ့ အတိုင်းပဲ။ ကျန်းမာရေးဆိုရင် မနှစ်ကထက် ၄ဆ၊ ပညာရေးဆိုရင် မနှစ်ကထက် ၂ ဆ။ ဘာတွေလျော့သွားလဲ ဆိုရင် ဆောက်လုပ်ရေး မှာ ၃၀ရာခိုင်နှုန်းလျော့သွားပါတယ်။ လျှပ်စစ် ကဏ္ဍနဲ့ တည်ဆောက်ရေး လုပ်ငန်းရှိတဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းကဏ္ဍမှာ  လျော့ကျသွားပါတယ်။” ကာကွယ်ရေး ၀န်ကြီးဌာန ဘတ်ဂျက်ကရော။ “ကာကွယ်ရေးနဲ့ ပတ်သက်လို့ မနှစ်ကထက် ပိုများလာပါတယ်။” တချို့ ၀န်ကြီးဌာနတွေကို ဘတ်ဂျက်မပေးဘဲ ဖြတ်တောက်လိုက်တယ်လို့ ကြားပါတယ်။  ဘယ်လိုဖြစ်တာပါလဲ။ “မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနဆိုရင် တော်တော်များပါတယ်။ သူက ဘီလီယံပေါင်း ၄၀၀နီးပါး တင်ပြလာပါတယ်။ စက်ရုံတွေ တည်ထောင်ဖို့ပါ။ အရင်က အမှတ် (၂ ) စက်မှုဝန်ကြီး ဌာနပေါ့။ အခုဆိုရင်တော့ စက်မှုဝန်ကြီး ဌာနအောက်မှာ ရှိတဲ့ စက်ရုံတွေ လည်း ရှိနေပြီ။ စက်ရုံတည်ဆောက်တဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှု မပြုသင့်ဘူးလို့ ယူဆပါတယ်။ လက်ရှိ အချိန်က အစိုးရက စီးပွားရေး ၀င်လုပ်နေတာတွေ လျှော့ဖို့ လိုအပ်တဲ့ အတွက် သူတို့ ၀န်ကြီးဌာနအတွက် တင်ပြလာတဲ့ လုပ်ငန်းတွေ အကုန်လုံးကို ၁၀၀ ရာခိုင်နှုန်း ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။” တပ်မတော် အစိုးရလက်ထက်ကနေ အရပ်သား အစိုးရလက်ထက်ကို ပြောင်းတဲ့ ပထမ ၁ နှစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက စပြီးတော့ ဘတ်ဂျက် ကိစ္စတွေကို ပါဝင်ဆွေးနွေးခွင့်ရတဲ့ အပေါ် ကျေနပ်အားရမှု ဖြစ်လား။ “ကျေနပ်အားရမှုက ရာနှုန်းပြည့် မဟုတ်တောင်မှ တော်တော်လေး ၀င်ရောက် ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဥပမာ- ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက် မြင့်တက်မှုမှာ ဆိုရင် ဟိုး အရင်ကလို ၂၀ ရာခိုင်နှုန်းကျော် မဟုတ်ပါဘူး။ ဘတ်ဂျက် စုစုပေါင်းရဲ့ ၁၄ရာခိုင်နှုန်း ဆိုတော့ ဒါကလည်း ပထမဆုံး နှစ်မှာ လက်ခံနိုင်လောက်တဲ့ အနေအထား ဖြစ်ပါတယ်။ သို့သော် တခြား ၀န်ကြီးဌာနတွေရဲ့ စီမံကိန်းတွေ၊ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ စီမံကိန်းတွေမှာ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးသလို ဖြစ်နေတာတွေကို ကျနော်တို့ ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့တဲ့ အတွက်ကြောင့် အပြောင်းအလဲကတော့ အများကြီး ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၅၀အတွင်းမှာ ပြည်သူတွေအနေနဲ့ ဘတ်ဂျက်ကို ထိတွေ့ခွင့်နဲ့ ၀င်ရောက် ပြောဆို အကြံပြုခွင့် မရခဲ့ပါဘူး။ အခုတော့ ပြည်သူတွေ က ရွေးကောက် လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ကနေပြီးတော့ ဒါတွေကို ဆောင်ရွက် နိုင်ခဲ့တဲ့ အတွက်ကြောင့် ပထမဆုံး ဆောင်ရွက်ရတဲ့ နှစ်မှာတော့ ထိုက်သင့် သလောက် ဆောင်ရွက်နိုင်ခဲ့တယ် လို့ ပြောချင်ပါတယ်။” လွှတ်တော်ရေးရာတွေနဲ့ ငွေရေးကြေးရေး၊ အများပြည်သူနဲ့ဆိုင်တဲ့ ရေးရာတွေနဲ့ ပတ်သက်ရင် နေပြည်တော်တည်ဆောက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့။ အထူးသဖြင့် အများပြည်သူ သိချင်တာက သဘာဝဓာတ်ငွေ့တွေ ရောင်းရတဲ့ ငွေတွေနဲ့ ပတ်သက်လို့ လွှတ်တော်တွေမှာ ကိန်းဂဏန်း အတိအကျကို လွှတ်တော်ကိုယ်စားလှယ်တွေ သိခွင့်ရလား။ အများပြည်သူကို ဘယ်လောက် ပေးသိခွင့် ရှိသလဲ။ “ကျနော်တို့က နိုင်ငံတော်ရဲ့ ၀င်ငွေ အရပ်ရပ် ဘယ်လောက်ရှိတယ် ဆိုတာကို စာရင်းမှားတွေ၊ (wrong figure) ကြီးနဲ့။ ဒါကလည်း တိတိကျကျ မဟုတ်ပါဘူး။ အစိုးရ အဖွဲ့ကနေ တင်လာတဲ့ သဘောဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လွှတ်တော်က နေပြီး ဘတ်ဂျက်ကို ပထမဆုံး ပြန်ပြီး ပုံစံအသစ်နဲ့ သွားတဲ့အတွက် သုံးစွဲတာတွေကို လက်ခံ ဆွေးနွေးပေးလိုက်တယ်။ သို့သော် ဒီဝင်ငွေတွေကို အခွန်ကောက် ၀င်ငွေက ဘယ်လောက်ရှိတယ်။ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ၊ ပြည်တွင်း သယံဇာတတွေ ရောင်းရငွေတွေ ကို အတိအကျ လွှတ်တော်ကို တင်ပြပေးရမယ်လို့တော့ အဆိုပြုထားပါတယ်။” ဒါဆို မတင်ပြရသေးဘူးပေါ့။ ကျောက်မျက်ရောင်းရငွေတွေလည်း ဘီလီယံနဲ့ချီပြီး ရှိတယ်လို့ သိရတယ်လေ။ “မှန်ပါတယ်။  ဒါတွေကို ကိန်းဂဏန်းတွေနဲ့ အတိအကျ လိုပါတယ်။ နောက်တခါ စာရင်းဇယား အတိအကျ လိုပါတယ်။ ဒါတွေ အတွက်ကို ဆက်ပြီးတော့ ဘာကနေ ဆောင်ရွက်နေလဲ ဆိုတော့ လွှတ်တော် ၂ ရပ်မှာ ရှိတဲ့ ပြည်သူ့ငွေ စာရင်း ကော်မတီတွေ၊ ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီတွေက ဒါကို တာဝန်ယူပြီးတော့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ လွှတ်တော်ကတော့ ဒါကို တွန်းအားပေးပြီးတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ကို တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒီစာရင်း ဇယားတွေ လွှတ်တော်ကို ရောက်လာတာ နဲ့ အမျှ လွှတ်တော်ကနေ ဒီဟာတွေ အပေါ်မှာ သုံးသပ်ချက် အစီရင်ခံစာတွေ ပြုစုပြီးတော့ ပြည်သူတွေကို ထုတ်ပြန်သွားမှာပါ။” နောက်ဆုံးအနေနဲ့ ငွေစာရင်း စစ်ချုပ်ရုံးကနေ ငွေစာရင်း ကော်မတီကို တင်ပြတဲ့ မှတ်တမ်းကို ကျနော်တို့ လက်ဝယ် ရထားပါတယ်။ မှတ်တမ်းထဲမှာ  တချို့ဝန်ကြီးဌာနတွေ က ဥပမာအားဖြင့် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း မဟုတ်ဘဲနဲ့ စည်းကမ်းအပြင်ကို ထွက်ပြီးတော့ ပိုက်ဆံတွေ သုံးတာနဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတွေမှာ တွေ့တယ်လေ။ ဒီဟာတွေက လူသိရှင်ကြား အမှုတွေတောင် ဖြစ်နေပြီ။ The Voice ဂျာနယ် နဲ့ဆိုတော့၊ ဆိုလိုတာက အဲဒီလို ဖြစ်တဲ့အပေါ်မှာ..ကျူးလွန်တယ်။ ဒီလိုမျိုးတောင် ဖြစ်သွားခဲ့ပြီ ဆိုတာနဲ့တင် ပြီးသွားမလား။ ဒါမှမဟုတ် လွှတ်တော်မှာ ပြည်သူ ကိုယ်စားလှယ်တွေကနေ ဘဏ္ဍာငွေကြေးကို အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အရေးယူကိုင်တွယ်ဖို့ ရှိသလဲ။ “ကျနော်တို့ ပြည်သူ့ငွေစာရင်း ကော်မတီကနေပြီးတော့ ဒါကို အဆိုအနေနဲ့ တင်ပြသွား မှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရဘူး ဆိုတဲ့ သတ်မှတ်ချက်တော့ ရှိတာပေါ့။ ဒီတခါ ပြဌာန်းလိုက်တဲ့ ရသုံးခန့်မှန်းခြေ ဘတ်ဂျက် ဥပဒေမှာ ကျနော်တို့က နှစ်တိုင်း ပြဌာန်းနေတာပါ။ အင်မတန် ထူးခြားသွားတာကတော့ အစိုးရကနေ စီမံကိန်းတွေကို ဆောင်ရွက်တော့မယ် ဆိုရင်၊ နောက် တခါ ငွေစာရင်းတွေ ကို ခေါင်းစဉ် လွှဲပြောင်း သုံးစွဲမယ် ဆိုရင်၊ အဲဒါတွေ အခြေအနေအရပ်ရပ်၊ ၀င်ငွေထွက်ငွေ အရပ်ရပ်ကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြုချက် ယူပြီးတော့မှ သုံးစွဲရမယ်။ စီမံခန့်ခွဲပိုင်ခွင့် ရှိတယ် ဆိုတာတွေကို ဒီဥပဒေမှာ ခိုင်ခိုင်မာမာ ထည့်လိုက်ပါပြီ။ ပြီးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ကလည်း လွှတ်တော်တွေဟာ ဒါကို သက်ဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းတွေနဲ့ မညီမညွတ် သုံးစွဲထားတာတွေ ဖြစ်တဲ့ အတွက် ကြောင့် ဒါကို သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေကို အရေးယူ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းသွားမှာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဌကြီး အနေနဲ့ လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှုတွေ၊  ဥပဒေအရ တည်ဆဲဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ လုပ်ဆောင်ချက်တွေကို သမ္မတဆီကို သ၀ဏ်လွှာအနေနဲ့ ပေးပို့ထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ တယောက်က ပေးပို့တဲ့ သ၀ဏ်လွှာဆိုတာက ပြည်ထောင်စု အစိုးရက အက်ရှင် (အရေးယူဆောင်ရွက်မှု) လုပ်ကို လုပ်ရမှာပါ။ ဒါကို ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024