ယာဉ်မတော်တဆမှုကြောင့် မန်စီးတီးတိုက်စစ်မှူး အဂွီရို ဒဏ်ရာရ

မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး ဆာချီယို အဂွီရို စီးနင်းလာတဲ့ ကားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ညက ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာရခဲ့ပါတယ်။ နယ်သာလန်မြို့တော် အမ်စတာဒမ်မြို့မှာ ကျင်းပတဲ့ ကိုလံဘီယာ အဆိုတော် မဲလ်လူမာရဲ့ ဖျော်ဖြေပွဲကို သွားရောက်ရင်း တက္ကစီစီးနင်းခဲ့ရာ လေဆိပ်ပြန်လာတဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ တိုက်စစ်မှူး အဂွီရိုဟာ အခုယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာအများအပြား ရနိုင်ချေရှိခဲ့ပေမယ့်လည်း လေအိတ်နဲ့ ခါးပတ်ပတ်ထားတာကြောင့် ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ဒီနှစ်ရာသီ အစပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြနေပြီး မန်စီးတီးအတွက် ကစားပေးထားတဲ့ ၈ ပွဲမှာ ၇ ဂိုး သွင်းယူထားပါတယ်။

More News
Up