ထိုင်းတွင် ငါးဖမ်းလှေတိမ်းမှောက်၊ ၁ ဦးသေဆုံး ၅ ဦး ရေထဲခုန်ချ လွတ်မြောက်

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ပင်လယ်ပြင်ထဲမှာ ငါးဖမ်းလှေတစ်စီး နစ်မြုပ်လို့  လှေလုပ်သား ၁ ယောက် သေဆုံးကာ ၅ ယောက် ရေထဲခုန်ချပြီး လွတ်မြောက်ခဲ့တယ်လို့ ဘန်ကောက်ဘစ်စနစ်သတင်းမှာ ဖော်ပြပါတယ်။ ဆမွတ်ပရကန်ခရိုင် ဘန်ဘော်မြို့နယ် ခလောင်းဒန်ရပ်ကွက်ရှိ ပင်လင်ကမ်းစပ်နဲ့ ရေပြင်အကွာအဝေး ၄ မိုင်လောက်မှာ ငါးဖမ်းလှေတစ်စီး တိမ်းမှောက်ကြောင်း  စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၁၁ နာရီမှာ သတင်းပေးပို့ချက်ရရှိပြီး တာဝန်ရှိသူတွေက အသက်ကယ်လှေတွေနဲ့အတူ အခင်းဖြစ်ရာ ပင်လယ်ပြင်သို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါလှေမှာ  ချုတ်ဒင်ဒေါင်းလို့ခေါ်တဲ့  ဆယ်တန်အလေးချိန်ရှိ  ပုဂ္ဂလိက ငါးဖမ်းလှေ တစီးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့နဲ့ လှေလုပ်သားတွေ ၀ိုင်းပြီး ရေငုတ်ကာ နစ်နေတဲ့ လှေထဲက အလောင်း ၁ လောင်းကို ဆယ်ယူရရှိခဲ့တယ်လို့  ခလောင်းဒန်နယ်မြေရဲစခန်းမှ တာဝန်ကျဒုရဲမှူး ဆုမ်ချိုင်း ဆာခွန်းက သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးသူမှာ နိုင်းအူထဲန်း (၃၉ နှစ်) လှေဦးစီးဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီမှာ လှေစတင်ထွက်ခွာခဲ့ကြောင်း၊ ည ၇ နာရီလောက်ကစပြီး အဆက်အသွယ်ပြတ်တောက်နေရာမှ စက်တင်ဘာ ၂၉ ရက်မနက်မှ တခြားငါးဖမ်းလှေပေါ်က မိတ်ဆွေတွေပြောပြချက်အရ ပင်လယ်ထဲမှာ လှိုင်းကြီးလှေထန်ခဲ့ပြီး အဆိုပါလှေတိမ်းမှောက်သွားတာလို သေဆုံးသူရဲ့ အစ်မ နန်းဝမ်းနားက  ပြောပါတယ်။ အဲဒီလှေပေါ်က လှေလုပ်သား ၅ ဦးကတော့ လှေပေါ်က ခုန်ချကူးခတ်ခဲ့ပြီး အခြားငါးဖမ်းလှေတွေ နဲ့တွေ့ကာ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ လှေလုပ်သားတွေဟာ ဘာလူမျိုးလဲဆိုတာ သတင်းထဲ ဖော်ပြထားခြင်းမရှိပေမယ့် ဆမွတ်ပရ ကန်ခရိုင်ထဲက လှေလုပ်သားအများစုဟာ မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း ထိုင်းပင်လယ်ပြင်မှာ မုန်တိုင်းဝင်ပြီး ၂ မီတာလောက်မြင့်တဲ့  လှိုင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ငါးဖမ်းလှေတွေ အထူးသတိထားဖို့   ထိုင်းမိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up