ဟိန္ဒူရုပ်အလောင်းများကို ဒီအန်အေ သေချာစစ်ဆေးမည်
DVB
·
September 29, 2017
ARSA အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခံရတဲ့ ဟိန္ဒူ ရုပ်အလောင်း ၄၅ လောင်းကို ဒီအန်အေ စစ်ဆေးချက်တွေ သေချာယူပြီး စိစစ်ဆောင် ရွက်သွားမယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ မောင်တောမြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီးမှာ တူးဖော်ရရှိခဲ့တာပါ။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က "ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင်မိသားစုဝင်တွေကို ဓာတ်ပုံပြပြီးတော့ ခေါ်မေးတယ်။ တွေ့ရှိမျက်နှာအပေါ် မူတည်ပြီး သူတို့မှတ်မိတာလည်း ရှိတယ်။ တချို့ဟာဆိုလို့ရှိရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ အတွက် မမှတ်မိတာလည်း ရှိတယ်။ တော်တော်များများကတော့ အသေးစိတ်လေးတွေကောက်ယူပြီးမှ ပျောက်ဆုံးစားရင်တွေကို နုတ်ပြီး သေဆုံးစားရင်ထဲကို ပြင်သွင်းတယ်။ အဲ့ဒီအဖွဲ့မှာလည်း မှုခင်းဆရာဝန်ပါတယ်။ နောက်ဥပဒေအရာရှိပါတယ်။ ကျနော်တို့အဖွဲ့ခွဲ စနစ်တကျ လုပ်တဲ့အတွက် ဒီအန်အေ စစ်ဆေးချက်ကို သေချာစိစစ်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်လို့ ပြောပါတယ်။"
သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ရေရှည်မှာ ပြန်လည်းစစ်ဆေးမယ်ဆိုရင် အဖြေမှန်တွေ ပေါ်လာမယ်လို့ မျှော်လင့်ကြပါတယ်။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်းရေးညွှန်ကြားရေးမှူး ဗိုလ်လ်ချုပ်အောင်ရဲဝင်းက "အခုလက်ရှိအနေအထားအရတော့ သူတို့ပြောတာကို ခင်ဗျားတို့ကြားမှာပါ။ ဘယ်သူကaတာ့ ဘာတော်တယ်။ သေချာတာတခုကတော့ သူတို့အမျိုးတော့ သူတို့မသတ်တာ သေချာပါတယ်။ နောက်တခုကတော့ ရေရှည်မှာ ပြန်စစ်လိုက်ရင်လည်း ဒါတွေပေါ်လာမှာပဲ။ ဒါကတော့ အဖြစ်မှန်ပဲ။ ဒါကတော့ ကျနော်တို့က အမှန်ကို သိရှိဖို့ သတင်းမီဒီယာတွေကို ခေါ်ပြတာဖြစ်ပါတယ်။ သတင်းမီဒီယာများအနေနဲ့ ကိုယ်တိုင်းလည်းမေးမြန်းခဲ့ပြီ။ ကိုယ်တိုင်းလည်း တွေ့ဆုံခဲ့ပါပြီ။ သုံးသပ်ချက် အပိုင်းကတော့ မှန်မှန်ဖြစ်စေချင်တယ်လို့ ဒီလိုပဲ ကျနော်တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။
သြဂုတ် ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက်သမားတွေ သတ်ဖြတ်မှုတွေကြောင့် လူတွေရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
လက်ရှိအချိန်ထိ ပျောက်ဆုံးနေတဲ့ ဟိန္ဒူ ၁၉၂ ယောက် ရှိနေပြီး ဒေသခံတွေနဲ့ ပူပေါင်းရှာဖွေနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဟိန္ဒူရုပ်အလောင်း ၄၅ လောင်း တူးဖော်ရရှမှုနဲ့ ပတ်သက်လို့ တပ်မတော် ရဟတ်ယာဉ်နဲ့ ပြည်တွင်းပြည်ပ မီဒီယာသမားတွေဖိတ်ခေါ်ပြီး အခင်းဖြစ်နေရာကို ၂၇ ရက်နေ့က လိုက်လံပြသခဲ့ပါတယ်။
သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို