ကယားပြည်နယ်ကျေးရွာ ၆၁ ရွာတွင် မြေမြှုပ်မိုင်းရှိ သံသယနယ်မြေသတ်မှတ်
နေဖြိုးဝင်း
·
September 29, 2017
ကယားပြည်နယ်အတွင်းက ကျေးရွာပေါင်း ၆၁ ရွာမှာ မြေမြှုပ်မိုင်းရှိတဲ့ သံသယနယ်မြေအဖြစ် ဖော်ထုတ်သတ်မှတ်နိုင်ခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ UNICEF နဲ့ ဒိန်းမတ်နိုင်ငံက လူမှုရေး အဖွဲ့အစည်းဖြစ်တဲ့ Danish Refugee Council (DDC) တို့ စက်တင်ဘာ ၂၈ ရက်က ပူးပေါင်းပြုလုပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းကင်းစင်ရေး လှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲမှာအခုလိုပြောသွားတာပါ။
လုပ်ငန်းမန်နေဂျာ ပါစကယ်ဆိုင်မွန်က“ လူမှုဝန်ထမ်းဦးစီဌာနရဲ့ ခွင့်ပြုချက်နဲ့ ဒီနှစ်ထဲမှာ ကယားပြည်နယ် ဒီမောဆိုးမြို့နယ်ထဲက ရွာပေါင်း ၁၆၉ ရွာ မှာ Non Technical Survey(အကြိုစစ်တမ်းကောက်ယူခြင်း)လုပ်ခဲ့တဲ့အခါ ၆၁ ရွာမှာ မြေမြှုပ်မိုင်းရှိတဲ့ သံသယ နယ်မြေအဖြစ် သတ်မှတ်နိုင်ခဲ့ပါတယ်။ မိုင်းနဲ့ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေရဲ့ အနေအထား သဘာဝအရ ဒီနေရာတွေမှာ ဘယ်နှစ်နေရာကတော့ မြေမြှုပ်မိုင်းရှိတယ်၊ ဘယ်နှစ်နေရာကတော့ ပေါက်ကွဲစေနိုင်တဲ့ စစ်ကျန်လက်နက်ပစ္စည်းရှိတယ်၊ ဘယ်နေရာကတော့ပေါက်ကွဲစေနိုင်တဲ့ လက်နက်ပစ္စည်း ဘယ်နှစ်ခုရှိတယ်ဆိုတာကတော့ မဖော်ထုတ်မသတ်မှတ်နိုင်ပေးပါဘူး” လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ အားလုံးလက်မှတ်ရေးထိုးသွားနိုင်ပြီဆိုရင် သူတို့ဆီမှာရှိတဲ့ အချက်အလက်တွေအကုန်လုံး မျှဝေပေးသွားမှာဖြစ်ပြီး နှစ်ဖက်စလုံးမှာရှိတဲ့ အချက်အလက်တွေကိုလည်း စားပွဲဝိုင်းမှာ ပြန်ပြီးမျှဝေကြမယ်ဆိုရင် ပိုပြီးပြည့်စုံတဲ့ အချက်တွေဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီလိုပြည့်စုံတဲ့ အချက်အလက်တွေနဲ့အတူ ရပ်ရွာလူထုတွေကိုလည်း ပိုပြီးထိရောက်တဲ့ အကူအညီတွေ ပံ့ပိုး ပေးနိုင်မှာဖြစ်တယ်လို့လည်း ပါစကယ်ဆိုင်မွန်က ပြောပါတယ်။
“အခုလည်း လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ထပ်ပြီး ညှိနှိုင်းနေတာရှိတယ်၊ ခွင့်ပြုမယ်ဆို ဖရူးဆိုးနဲ့ ဖားဆောင်းမှာ အကြိုစစ်တမ်းကောက်ယူခြင်းလုပ်သွားဖို့ ရှိပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာအကြိုစစ်တမ်းကောက်ယူတာ မလုပ်နိုင်သေးပေမယ့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းတွေလုပ်နေပါတယ်။ အဲဒီလုပ်ငန်းကလည်း ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အရင်က တည်းက လုပ်နေပါတယ် ”
လောလောဆယ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ အားလုံး လက်မှတ်မထိုးနိုင်သေးခင် ကာလမှာ အကြိုစစ်တမ်းကောက်ယူတာ ပိုပြီးတော့ အကျိုးရှိတယ်လို့ ပြောပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့လည်း INGO အဖွဲ့အစည်းတွေနဲ့ လက်မှတ်ထိုးပြီး မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ကချင်၊ ကယား၊ ရှမ်း၊ ကရင်၊ မွန်တွေမှာ အများဆုံးဆောင်ရွက်ခဲ့ပါတယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနကညွန်ကြားရေးမှူး ဦးအောင်ကျော်မိုးက“ ၂၀၁၇ ခုနှစ်မှာ မိုင်းထိခိုက်ဒဏ်ရာရရှိသူ ၇၀ ဦးလောက်ရှိတယ်။ တစ်ဦးကို ကျပ်နှစ်သိန်းနှုန်းနဲ့ ထောက်ပံ့ ပေးတယ်။ ဒါအပြင် သူတို့အတွက် လိုအပ်တဲ့ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေလိုအပ်တယ်ဆိုရင်လည်း NGO အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပေးပါတယ် ” လို့ ပြောပါတယ်။
လက်ရှိမှာ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ၇၀ ဦးထဲက ၅၀ ဦးကို ထောက်ပံ့ပေးထားပြီး လာမယ့် ဖြည့်စွက် ဘဏ္ဍာငွေမှာ လိုအပ်တဲ့သူတွေအတွက် တောင်းခံပြီး ထောက်ပံ့သွားဖို့ရှိနေပါတယ်။