Home
ဆောင်းပါး
လောင်းရိပ်မိသူတို့ရဲ့ ငြိမ်းချမ်းရေးခြေသံ
DVB
·
September 29, 2017
“စစ်ဘေးရှောင်မှာ လာနေရတော့ ငွေဝင်လမ်းလည်း မရှိဘူးပေါ့နော်။ ကျပ်ကျပ်တည်းတည်းတော့ နေရတာပေါ့။ ဒါပေမယ့် ရွာမှာနေပြီး စစ်ဘေးကို ရင်ဆိုင်မယ့်အစား ကင်းတာပဲ ပိုကောင်းပါတယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီး နေခဲ့တာ။ တကယ်ပဲ စစ်မတိုက်တော့ဘူး။ မိုင်းအန္တရာယ်ကင်းပြီဆိုရင် ရွာပြန်နေမယ်။ ကျမတို့ ဒီ စစ်ရှောင်စခန်းက ၆ တောင် အခန်းဖွဲ့လေးထဲ မနေချင်တော့ဘူး” လို့ အသက် ၄၀ ခန့်အရွယ်ရှိတဲ့ မတင်လှဟာ စစ်ဘေးရှောင်စခန်းမှာ သူ နေထိုင်နေရင်း သူ့အခက်အခဲကို ခုလို ပြောခဲ့တာပါ။ မတင်လှဟာ ကရင်ပြည်နယ် မဲသဝေါရွာမှာ မွေးဖွားခဲ့သူတယောက်ဖြစ်ပြီး အခုဆိုရင် သူ နေထိုင်ရာ ဇာတိမြေဖြစ်တဲ့ မဲသဝေါလမ်းကြောပေါ်မှာ ရှိနေတဲ့ သူမနေအိမ်ကို သတိရနေတဲ့ မျက်ဝန်းတွေက သူမမျက်နှာပေါ်မှာ အထင်းသား မြင်တွေ့နေရပါတယ်။ မတင်လှဟာ လက်ရှိမှာတော့ ကရင်ပြည်နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်းမှာ နေထိုင်နေပါတယ်။ မြိုင်ကြီးငူ စစ်ရှောင်စခန်းဆိုတာက ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မဲသဝေါဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပေါင်း ၅၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်လာတဲ့ မြိုင်ကြီးငူဆရာတော်ရဲ့ အရိပ်အောက်က စစ်ရှောင်စခန်းတခု။ နေပူကျဲကျဲ လွင်တီးခေါင်မှာ ရှိနေပြီး သစ်ခက်သစ်ရွက်လေးတွေကို မိုးကာလုပ်ထားတဲ့ တဲတန်း အဆက်ရှည်လေးတွေနဲ့ ၆ တောင်ပတ်လည်လောက်သာရှိတဲ့ တဲတန်းလေးနဲ့ စစ်ရှောင်မိသားစုတွေ နေထိုင်ကြတဲ့ နေရာ။ အခမဲ့ပေးဝေတဲ့ စားစရာ ထမင်းကို နေထိုင်ရာ တဲတန်းနဲ့ ခပ်ဝေးဝေး နေပူပြင်ထဲဖြတ် လမ်းလျှောက်ရင်း ထမင်းထည့်စရာ ရေပုံးလေးတွေနဲ့ စားဖိုဆောင်ဆီ သွားယူပြီး ငှက်ပျောအူ အစိမ်းနဲ့ နှမ်းဖတ်ချဉ်ရောမွှေပြီး ဝမ်းရေး ဖြေရှင်းနေရတဲ့ နေရာ။ “ဒီမှာနေတာ အရမ်းကျဉ်းတယ်။ အဆင်မပြေဘူး။ အိမ်မှာက အစ်မရယ်၊ အစ်မ ယောက်ျားရယ်၊ ပြီးတော့ တူလေးသုံးယောက်နဲ့ နေရတာပဲ။ အပြင်မသွားရဲဘူး။ သိတဲ့သူလည်း မရှိဘူး” လို့ မဲသဝေါကနေ စစ်ရှောင်စခန်းကို ရောက်နေတဲ့ နော်အေးအေးပျိုက ပြောပါတယ်။ နော်အေးအေးပျိုဟာ အသက် ၁၇ နှစ်အရွယ် အပျိုမလေးဖြစ်ပြီး ခဲအိုဖြစ်သူနဲ့ အစ်မအရင်းဖြစ်သူတို့ လင်မယားအတူနေတဲ့ အခန်းထဲမှာပဲ တခန်းတည်း ကြမ်းတပြေး နေရတဲ့အတွက် အနေအထိုင် ကျဉ်းကျပ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းတွေကိုပါ ခံစားနေရတာကို တွေ့ရပါတယ်။ ဒီလို အပျိုဖော်ဝင်စ အမျိုးသမီးငယ်တွေရဲ့ နေထိုင်မှုဘဝ မလုံခြုံမှု အခက်အခဲတွေကြောင့် အသက်ငယ်ရွယ်စဉ်မှာပဲ အိမ်ထောင်ပြုလိုက်ကြတဲ့ အမျိုးသမီးငယ်တွေဟာလည်း စစ်ရှောင်စခန်းတွေမှာ များစွာရှိနေကြပါတယ်။ ဒီလို စစ်ဘေးနဲ့ မငြိမ်းချမ်းမှုတွေ ဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ဦးတည်တဲ့ လူမှုရေးကဏ္ဍ မူဝါဒ ၄ ချက်ကို ပြီးခဲ့တဲ့မတ်လက ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးမှာ ချမှတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ထင်သာမြင်သာတဲ့ လက်တွေ့ဖော်ဆောင်မှုကိုတော့ မတွေ့ရသေးပါဘူးလို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း နန်းဆေးအွာက ဆိုပါတယ်။ “ကျမ တွေ့ရတာကတော့ မပြောင်းလဲသေးဘူး။ အရင်အတိုင်းပဲ ရှိနေသေးတယ်။ ဒါပေမယ့် တခုရှိတာကတော့ ကျမတို့ကတော့ အဲဒီပင်လုံညီလာခံ မဟုတ်ဘဲနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့အထဲမှာပေါ့နော်။ အီးအေအိုဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြီးတော့ တပ်မတော်အစိုးရရဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ စောင့်ကြည့်ရမယ့် ဒီလယ်ဘယ် အဆင့်တွေမှာ မိန်းကလေးတွေ ပါဝင်လာတာကို တွေ့ရတယ်။ ဒီစတိတ်လယ်ဘယ်မှာ အဲဒီလို ပါဝင်လာတာ တွေ့ရတဲ့အတွက် တနည်းအားဖြင့် အမျိုးသမီးတွေကို နေရာတနေရာ ပေးတာပဲလို့ ယူဆပါတယ်။” အခုလို စစ်ဘေးဒဏ်အပြင် အမျိုးမျိုးသော မလုံခြုံမှုတွေအောက်က အမျိုးသမီးထုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်ထိ ကရင်ပြည်နယ် ဘားအံမြို့မှာ အမျိုးသမီးများအဖွဲ့ချုပ်နဲ့ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ကျင်းပခဲ့ပြီး ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်များအားလုံး ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြိုင်ကြီးငူ စစ်ရှောင်စခန်းက စောရွှေထွန်းက “ကလေးငယ်တွေရှိတယ်။ ပညာရေးကတော့ ဒီမှာ အစိုးရက ချပေးထားတဲ့ ဆရာမတွေရှိတယ်။ လေးတန်းအထိ သင်ပေးတယ်။ ကျန်တဲ့အတန်းတွေကတော့ တခြားဆီ သွားတက်ရတယ်။ တချို့ကတော့ စက်ဘီးမရှိ၊ သွားရတာဝေးတော့ အခက်အခဲ ဖြစ်ကြတာပေါ့။ အမှန်တကယ် ပြောရမယ်ဆိုရင် ကိုယ့်ရွာနဲ့ ကိုယ့်ဒေသတော့ ပြန်နေချင်တာပေါ့။ ဒါပေမယ့် မငြိမ်းချမ်းတဲ့အခါကျတော့ ပြန်နေလို့မရဘူး။ လောလောဆယ်တော့ ဆက်ပြီးတော့ ပြန်နေရမှာပေါ့။ ကိုယ့်ဒေသကိုယ် ဘယ်အချိန်ပြန်ရမလဲ ခန့်မှန်းလို့မတတ်ဘူး။ ကျနော်တို့ကတော့ ဒီအတိုင်းပဲ ဆက်နေမယ်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပြီဆို အရင်တုန်းကလိုပဲ ပြန်နေလို့ရရင် ပြန်နေမယ်” လို့ ဆိုပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ကလေးငယ်တွေကို ပညာသင်ပေးနေတဲ့ ကျောင်းလေးဟာ အမိုးရှိပေမယ့် အကာတွေကို ပီနံအိတ်ခွံတွေကို စပ်ချုပ်ပြီး ကာထားပါတယ်။ အငယ်တန်းလေးကနေ လေးတန်းအထိ တိုးလျှိုပေါက် မြင်နေ ကြားနေရတဲ့ စာသင်ကျောင်းလေး ရှိပါတယ်။ “အဆင်မပြေလည်း နေရတာပဲ။ ကလေးတွေအတွက်ကတော့ စာသင်ရတာ ထိုင်ခုံမလောက်ဘူး။ နည်းနည်းပါးပါးတော့ လိုအပ်တာပေါ့” လို့ စစ်ရှောင်စခန်းက ကလေးတွေကို ပညာသင်ပေးနေတဲ့ ဆရာမတဦးက ဆိုပါတယ်။ ပြည်တွင်းစစ်တွေကြောင့် မငြိမ်းချမ်း မလုံခြုံတဲ့ ဘဝကို ရောက်နေတဲ့ အမျိုးသမီးတွေအပြင် ကလေးငယ်တွေပါ စာရင်းမှန် စစ်တမ်းကောက်မရနိုင်အောင်ဘဲ မြန်မာနိုင်ငံမှာ ရှိနေကြပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်းတခုတည်းမှာပင် ၁၂ နှစ်အောက်ကလေးငယ် အမျိုးသား ၃၃၂ ယောက်နဲ့ အမျိုးသား ၃၀၅ ရောက်ရှိနေပြီး ၁၂ နှစ်အထက်အနေနဲ့တော့ အမျိုးသား ၅၀၉ ယောက်နဲ့ အမျိုးသမီး ၅၃၅ ယောက် ရှိနေတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ကြာလာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ကရင်ပြည်နယ် တခုတည်းတင်မဟုတ်ဘဲ ဒီနေ့အထိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မီးတောက်နေဆဲ ဖြစ်နေပြီး အဲဒီစစ်ပွဲတွေကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အမြောက်အမြား စစ်ဘေးဒဏ်ကို ခံစားနေရတာတွေကလည်း ယနေ့အထိ တွေ့နေရဆဲ မြင်နေရဆဲ ကြားနေရဆဲပါပဲ။ “ကျမတို့ ရှမ်းပြည်နယ်အတွက် ထူးခြားတဲ့နေ့ဟာ တိုက်ပွဲမရှိတဲ့နေ့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်နယ်မှာ တနေရာမဟုတ်တနေရာ အမြဲတိုက်ပွဲတွေ ဖြစ်နေလို့ပါပဲ” လို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ နာတာရှည် တောက်လောင်နေတဲ့ ပြည်တွင်းစစ် မီးတောက်တွေကြားမှာ အပြစ်မဲ့ကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှုတွေဟာ ဘက်စုံချို့ယွင်းနေပြီး လူသားဆိုင်ရာ အခွင့်အရေး ချိုးဖောက်ခံရမှု များစွာရှိနေတယ် ဆိုတာကလည်း လုံးဝ ငြင်းပယ်လို့မရတဲ့ အရာတွေပဲ ဖြစ်နေပါတယ်။ ပြည်တွင်းစစ်ကနေ ရှောင်ပြေးလာတဲ့ အမျိုးသမီးတွေဟာ သူတို့အနာဂတ်ကို သူတို့ ရွေးချယ်ခွင့်တွေ ဆုံးရှုံးပြီး လမ်းပျောက်နေကြတာကို တွေ့ရပါတယ်။ “စစ်ပွဲတွေကို ကျမတို့ အမျိုးသမီးတွေ ဖန်တီးတာ မဟုတ်ဘဲနဲ့ ခံရတော့ ကျမတို့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစုပဲ ဆိုးကျိုးတွေ ခံစားရတယ်။ ဗိုက်ကြီးသည်တွေ ဆိုရင် ပြေးရင်းလွှားရင်း ကလေးမွေးတာတွေ သေတာတွေကို ဆိုးဆိုးဝါးဝါး ခံရတယ်” လို့ မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် မိကျဲကျဲနီက ဆိုပါတယ်။ မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ မိလှလှရီကလည်း သူကိုယ်တိုင် ကြုံခဲ့ရတဲ့ စစ်ဘေးဒဏ်ခံခဲ့ဖူးတဲ့ မိသားစုဘဝ အခက်အခဲတွေကို ခုလို ပြောပါတယ်။ “တချို့မိသားစုတွေဆို အမျိုးသားကို ပေါ်တာဆွဲတာ ခံရတယ်။ အမျိုးသမီးတွေ တောထဲ ထင်းခွေသွားတဲ့အခါတွေမှာလည်း မုဒိမ်းကျင့်ခံခဲ့ရတာတွေ ရှိခဲ့တယ်။ အိမ်က ကလေးတွေကတော့ မိဘ ပြန်မလာလို့ မျှော်နေတယ်။ မိဘတွေကတော့ မိုင်းထိလို့ သေတာတွေ၊ ကုသတဲ့နေရာ ရောက်တာတွေ ဖြစ်တော့ သိပ်ကို ဝမ်းနည်းစရာ ကောင်းတာတွေ ခံစားခဲ့ရတယ်။ အဲဒီတုန်းက သူကြီးခေတ်ပေါ့။ သူကြီးက ဖြေရှင်းပေးရတယ်။ အထမြောက်တယ်ဆိုတာ မရှိဘူး။ မိဘသေလို့ ကျန်ခဲ့တဲ့ ကလေးတွေကို ဘုန်းကြီးက ခေါ်မွေးစားတယ်။ တချို့ကလည်း မွေးစားကြတယ်။ မိသားစုတွေ ကွဲကွာကြရတယ်။” မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေနဲ့အတူ ကလေးငယ်တွေ များစွာဟာလည်း ပညာရေး၊ ကျန်းမာရေး၊ စောင့်ရှောက်မှု လိုအပ်ချက်တွေအပြင် အစားအစာ လိုအပ်ချက်တွေပါ ရှိနေတာကို စစ်ရှောင်စခန်းတွေမှာ ယနေ့အထိ တွေ့မြင်နေရမှာပါ။ “စစ်ပွဲကြောင့် ကျမတို့ အမျိုးသမီးတွေဟာ ဘယ်လို ဒုက္ခရောက်နေတယ်ဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ စစ်ဘေးရှောင်စခန်း ရောက်သွားပြီဆိုလို့ရှိရင် ကျမတို့ အမျိုးသမီးတွေအတွက် လူမှုနဲ့ ဂုဏ်သိက္ခာအတွက် ဖြည့်ဆည်းမပေးနိုင်သေးတာကိုလည်း ကျမတို့ တွေ့ရမယ်။ နောက်ပြီးတော့ အစားအစာ လုံခြုံရေး၊ ပြီးတော့ ကျန်းမာရေး လုံခြုံရေး။ ဒါတွေကို ဖြန့်ကြက်ပြီး ကြည့်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းမှုမရှိတဲ့ဒေသမှာ ရှိတဲ့ အမျိုးသမီးထုဟာ သူတို့ရဲ့အနာဂတ်ကို သူတို့ ရွေးချယ်ပိုင်ခွင့် မရှိတော့ဘူး ဆိုတာကို တွေ့ရလိမ့်မယ်” လို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောပါတယ်။ တိုက်ပွဲဖြစ်ရာ ဒေသမှာတင် မဟုတ်ဘဲ တိုက်ပွဲဖြစ်ရာ ဒေသတွေကနေ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ရှောင်စခန်းတွေမှာလည်း အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် နေထိုင်မှုလုံခြုံရေးကို အမြဲ ခြိမ်းခြောက်နေတယ်ဆိုတာ ၎င်းတို့နေထိုင်ရတဲ့ သစ်ရွက်သစ်ခက် အမိုးအကာ အခန်းဆက် တဲတန်းတွေက သက်သေပြနေပါတယ်။ တဖက်မှာလည်း အမျိုးသမီးကဏ္ဍတွေအတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် မငြိမ်းချမ်းမှု၊ ဘဝနေထိုင်မှု မလုံခြုံမှု၊ အစားအစာနဲ့ ပညာရေး၊ ကျန်းမာရေး တန်းတူညီမျှမှု စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုတွေကနေ ရုန်းထွက်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးထု ပါဝင်လာနိုင်ဖို့နဲ့ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်ထောင်စုအဆင့်မှာလည်း ဖွဲ့စည်းထားသလို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာလည်း စတင်ပြီးတော့ ဖွဲ့စည်းထားပြီ ဖြစ်လာတာတွေ တွေ့လာရပါပြီ။ အဲဒီလို ဖွဲ့စည်းထားရှိတဲ့ နေရာမှာလည်း အမျိုးသမီးများအနေနဲ့ ကျား၊ မ ရေးရာ အကြမ်းဖက်မှု၊ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ အမျိုးသမီးပါဝင်မှု မြင့်မားရေးဆိုတာနဲ့ ပတ်သက်ပြီးတဲ့ အခါကျတော့လည်း ဖွဲ့စည်းမှုအသီးသီး ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေကြပါပြီ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အမျိုးသမီး အခန်းကဏ္ဍတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ အလေးအနက်ထားပြီး ဆောင်ရွက်နေပြီဆိုတာ မြင်တွေ့နေရပါပြီ။ သို့ပေမယ့် လက်နက်ကိုင်ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို ခံစားနေရတဲ့ အမျိုးသမီးတွေကို အကူအညီပေးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု မြင့်တက်လာရေးအတွက် ကြိုးစားရမယ်လို့လည်း မြန်မာနိုင်ငံ ကျား၊ မ ရေးရာ လေ့လာရေးသိပ္ပံ တည်ထောင်သူ ဒေါ်ခင်မမမျိုးက ခုလို ဆိုပါတယ်။ “လွှတ်တော်ထဲ၊ အစိုးရထဲ၊ နိုင်ငံရေးပါတီများထဲ၊ လက်နက်ကိုင် အဖွဲ့အစည်းများထဲမှာ အမျိုးသမီးများ ပါဝင်လာမှု မြင့်မားလာဖို့ကလည်း လိုအပ်တယ်။ ကျမတို့က အရပ်ဘက်အဖွဲ့အစည်းထဲမှာပဲ နေပြီးတော့ ပါဝင်မှုကို မြှင့်တင်ပေးပါလို့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရှိတယ်။ လွှတ်တော်ရှိတယ်။ တပ်မတော်ရှိတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် ရှိတယ်။ တိုင်းရင်းသားကိုယ်စားလှယ် ရှိတယ်။ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ရှိတယ်။ ဒီအစုအဖွဲ့အသီးသီးထဲမှာ ရှိနေကြတဲ့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်နေမှကို ရမှာ။” ယနေ့ကာလမှာဆိုရင်တော့ အစိုးရပိုင်းမှာရော လွှတ်တော်နဲ့ အခြား အရပ်ဘက် အဖွဲ့အစည်းတွေမှာပါ အမျိုးသမီးတွေ ပါဝင်မှုအတွက် ခြေလှမ်းသစ်တွေ စတင်နေပြီဆိုတာကို အရပ်သား အစိုးရလက်ထက်မှာ မြင်နေရပါပြီ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါ အမျိုးသမီးများရဲ့ အရေးအတွက် ပါဝင်ဆုံးဖြတ်နိုင်ဖို့ ကဏ္ဍစုံမှာ ၃၀ ရာခိုင်နှုန်း ပါဝင်ရေး တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး ၂၀၁၇ မေလမှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ဒုတိယ ပင်လုံအစည်းအဝေးမှာ အမျိုးသမီးပါဝင်လာမှု ရာခိုင်နှုန်းအနေနဲ့ ညီလာခံကိုယ်စားလှယ်မှာ ၁၅ ရာခိုင်နှုန်း၊ လေ့လာသူများမှာ ၂၂ ရာခိုင်နှုန်း၊ အကျိုးဆောင်ကဏ္ဍမှာ ၃၆ ရာခိုင်နှုန်းနဲ့ ညီလာခံ ကဏ္ဍစုံအတွက် စုစုပေါင်း အမျိုးသမီး ပါဝင်လာမှု ၁၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့တာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတို့ရဲ့ ချီတက်လာတဲ့ ခြေသံတွေ သိသိသာသာ အသံထွက်လာခဲ့တာကို တွေ့မြင်နေရပါပြီ။ မငြိမ်းချမ်းခြင်းတွေ မလုံခြုံမှုတွေကြောင့် အခက်အခဲများစွာနဲ့ ကြုံတွေ့နေရတဲ့ အမျိုးသမီးထုတွေအတွက် ပြီးခဲ့တဲ့ မတ်လက ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအစည်းအဝေးက ချမှတ်ခဲ့တဲ့ လူမှုရေးကဏ္ဍ သဘောတူညီချက် ၄ ရပ်ကို နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံး အကောင်အထည်ဖို့ပဲ လိုအပ်မှုရှိနေပြီး အမြန်ဖော်ဆောင်နိုင်ရေးကိုလည်း အမျိုးသမီးထုက မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။ အမျိုးသမီးများ ဘဝရပ်တည်မှု လုံခြုံရေး၊ လူသားရပ်တည်မှု အာမခံရရှိရေး၊ မငြိမ်းချမ်းမှုတွေရဲ့ လောင်းရိပ်မိ အရင်းမြစ်များ ဘဝတွေအတွက် ငြိမ်းချမ်းရေးနဲ့အတူ သူတို့ရဲ့ ခြေသံ ပန်းတိုင်ကို အမြန်ရောက်ပါစေ….။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024