မိုးညှင်းမြို့တွင် လူငယ်တဦး ဆွဲကြိုးချသေဆုံး
DVB
·
September 29, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာမှာ စက်တင်ဘာ ၂၈ ရက်ညနေက အသက် ၂၄ နှစ်အရွယ် လူငယ်တဦး ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။
မိုးညှင်းရဲစခန်းမှ ရဲအုပ်ကျော်မင်းစိုး ဦးဆောင်တဲ့အဖွဲ့နဲ့ ပင်းဟဲကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဟာ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပင့်သာကျေးရွာ အနောက်ဘက်က လယ်တဲတခုအနီး ၈ ပေလောက်အမြင့်ရှိတဲ့ ခအောင်းပင်မှာ အမျိုးသားတဦး နိုင်လွန်ကြိုးနဲ့ လည်ပင်းကြိုးကွင်းစွပ် ညိမည်းဒဏ်ရာ၊ လျှာကိုက် ခြေလက်တွေညိုမည်းကာ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ ပင့်သာကျေးရွာနေ အောင်သက်ဝင်းဖြစ်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ဖို့ မိုးညှင်းရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၇/၁၇ နဲ့ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။
သေဆုံးသူရဲ့မိခင် ဒေါ်ညွန့် ပြောပြချက်အရ မိသားစုငွေကြေး မပြေလည်လို့ စိတ်ဓာတ်ကျဆင်းနေသူတဦးဖြစ်ကြောင်း သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - မုန်းမုန်းမင်း