Home
မြန်မာသတင်း
SSA (၀မ်ဟိုင်း) အဖွဲ့မှ နယ်မြေကျော်လွန်လှုပ်ရှားဟု ရှမ်းပြည်နယ်အစိုးရက ကန့်ကွက်
နန်းမြနဒီ
·
September 28, 2017
  ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ၀မ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် SSA အဖွဲ့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူချက်ကို မလိုက်နာဘဲ နယ်မြေကျော်လွန် လှုပ်ရှားသွားလာတယ်ဆိုပြီး  ရှမ်းပြည်နယ်အစိုးရမှ ကန့်ကွက်လိုက်ပါတယ်။ ခမရ (၃၂၅) လက်အောက်ခံ မြန်မာ့တပ်မတော်စစ်ကြောင်း တကြောင်းနဲ့  SSA (၀မ်ဟိုင်း) အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် SSA ရဲ့နယ်မြေကျော်လွန်လှုပ်ရှားမှုကြောင့် ဖြစ်ရတာလို့  SSA (၀မ်ဟိုင်း) အဖွဲ့ကို စက်တင်ဘာ ၂၃ ရက်နေ့ နေ့စွဲနဲ့ ရေးသားပေးပို့တဲ့ စာထဲ မှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် SSA/SSPP (၀မ်ဟိုင်း)ရဲ့ ပြောရေးဆို ခွင့်ရှိသူ စိုင်းဖုန်ဟန်က  အဲဒီကန့်ကွက်စာကို သူတို့ဆက်ဆံရေးရုံးကနေတဆင့် ယမန်နေ့ (စက်တင်ဘာ ၂၇) ကမှ လက်ခံရရှိကြောင်း၊ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က ထိတွေ့မှုရှိခဲ့တဲ့ နေရာဟာ သူတို့ ယခင်ကတည်းက လှုပ်ရှားနေတဲ့နယ်မြေဖြစ်တဲ့အတွက် အထင်မြင်လွှဲမှားပြီး၊ စွပ်စွဲခံရခြင်းသာ ဖြစ်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ “၂၀၁၂ ခုနှစ်   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူချက်ထဲမှာ SSA/ SSP တပ်ဖွဲ့အနေနဲ့ ၀မ်ဟိုင်းမှာဌာနချုပ်ထားရှိပြီး အခြားနေမြဲ တပ်စခန်းရှိရာနေရာတွေမှာ သွားလာ ခွင့်ရှိတယ်လို့ ပါရှိပါတယ်။  ၁၀ ရက်နေ့က ထိတွေ့မှုဖြစ်ခဲ့တဲ့ လွိုင်ယွဲဆိုတဲ့တောင်က မိုင်းရယ် နဲ့ ဆိုင်ကျော့ဒေသ ကြားမှာရှိတယ်။ အဲဒီနေရာတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကျနော်တို့ ဆိုင်ကျော့မှာ ရှိစဉ်ကတည်းက  ဘယ်မှမခွာဘဲ အမြဲသွားလာလှုပ်ရှားတဲ့နေရာ၊ ဘာအ စိုးရ တပ်စခန်းမှ မရှိဘူး၊  ဘယ်တပ်မှလည်း မလာဖူးဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ ကတော့ တပ်မတော်စစ်ကြောင်း နှစ်ကြောင်းရောက်လာတယ်။ တကြောင်းက ဆိုင်ကျော့ တောင်ဘက်ကို သွားတယ်။ နောက်တကြောင်းက အရှေ့ဘက်လာတော့ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ပက်ပင်းတိုးမိတယ်။ ဒါက ကျနော်တို့ဘက်က နယ်မြေကျော်လွန်တာ မဟုတ်ဘူးလေ။ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးလို့ အကြောင်းပြပြီး ရောက်လာတာဖြစ်တယ်။” SSA/SSPP အဖွဲ့ဟာ ဦးသိန်းစိန် အစိုးရလက်ထက်က ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ပစ်ခတ်မှုမဖြစ်ပွားဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရထားပေမယ့်လည်း လက်ရှိ အစိုးရနဲ့ NCA တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေးစာချုပ်ကိုတော့ မချုပ်ဆိုရသေးပါဘူး။ SSA/SSPP ဟာ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့အတွက် NCA စာချုပ် လက်မှတ်ထိုးမယ့်ကိစ္စ UNFC အဆုံးအဖြတ်နဲ့သာ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လ  UWSA ဌာနချုပ် ပန်ခမ်းမှာ ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဝေးမှာတော့ UNFC မှ နှုတ်ထွက်မယ့်အကြောင်း စာတင်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024