လေယာဉ်ပေါ်တွင် ခွေးပါလာ၍ ပြဿနာရှာသည့် အမျိုးသမီး ဆွဲချခံရ (ရုပ်သံ)

လေယာဉ်ပေါ်မှာ အမျိုးသမီးတဦးက အသက်အန္တရာယ်ရှိတဲ့အထိ ခွေးနဲ့ဓာတ်မတည့် (အလက်ဂျစ်) ဖြစ်တယ်လို့ ဆိုတာကြောင့် အဲဒီအမျိုးသမီးကို ရဲတွေက လေယာဉ်ပေါ်ကနေ ဆွဲချတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ ဘယ်လ်တီမိုးလေဆိပ်က ဆောက်သ်ဝက်စ်လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ဖြစ်ခဲ့ပြီး ဒီရုပ်သံကို လေယာဉ်ပေါ်က ခရီးသည်တဦးဖြစ်တဲ့ ဘေးလ်ဒူးမက်စ်ဆိုသူက ရိုက်ကူးခဲ့တာပါ။ အမျိုးသမီးဟာ လေယာဉ်ပေါ်မှာ ခွေး ၂ ကောင် ပါလာတာကို သိပြီး ပြဿနာစဖြစ်ခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းလိုင်းကတော့ ခွေးတကောင်က စိတ်ခံစားမှုပိုင်းဆိုင်ရာ အထောက်အကူပြု ခွေးဖြစ်ပြီး နောက်ခွေးတကောင်က အိမ်မွေးခွေး ဖြစ်တယ်လို့ ရှင်းပြပါတယ်။ အမျိုးသမီးက ခွေးနဲ့ပတ်သက်လာရင် သူမမှာ အသက်အန္တရာယ် ရှိနိုင်တဲ့အထိ ဓာတ်မတည့် ဖြစ်တတ်တယ်လို့ လေယာဉ်ဝန်ထမ်းတွေကို ပြောခဲ့ပြီး ခွေးတွေကို လေယာဉ်ပေါ်က ဖယ်ရှားခိုင်းခဲ့တာပါ။ ဝန်ထမ်းတွေက ဒီအခြေအနေနဲ့ ပတ်သက်ပြီး သူမကို ဆေးစာထုတ်ပေးဖို့ တောင်းဆိုပေမယ့် သူမဘက်က မပြနိုင်ခဲ့ဘူးလို့ လေကြောင်းလိုင်းကလည်း ပြောခဲ့ပါတယ်။ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့လိုင်းရဲ့ စည်းမျဉ်းက အကယ်၍ လေယာဉ်ပေါ်မှာ တိရစ္ဆာန်တကောင်ပါလာလို့ ခရီးသည်က ဆေးစာမပါလာဘဲ သူတို့မှာ အသက်အန္တရာယ်ရှိတဲ့ ဓာတ်မတည့်တဲ့ရောဂါ ရှိတယ်၊ လုံခြုံစိတ်ချစွာ ခရီးဆက်နိုင်မှာ မဟုတ်ဘူးလို့ အကြောင်းကြားလာရင် အဲဒီခရီးသည်ကို လေယာဉ်စီးခွင့် ငြင်းပယ်ကောင်း ငြင်းပယ်ပါလိမ့်မယ်” လို့ ဒေးလီးမေးလ်သတင်းကို ပြောပါတယ်။ လေယာဉ်ဝန်ထမ်းတွေက ခရီးသည်ကို ဒီအကြောင်း ရှင်းပြဖို့ ထပ်တလဲလဲ ကြိုးစားခဲ့ပေမယ့် ခရီးသည်က လေယာဉ်က ထွက်ခွါပေးဖို့ ငြင်းဆန်ခဲ့လို့ ဥပေကြောင်းအရ ရှင်းရတာလို့ ဆိုပါတယ်။ ရုပ်သံထဲမှာ ဘယ်လ်တီမိုးရဲတွေက အမျိုးသမီးကို လေယာဉ်ပေါ်က ဆွဲချနေတာ မြင်ရပြီး အမျိုးသမီးကလည်း ပြန်အော်နေတာကို တွေ့ရပါတယ်။ ခရီးသည်တချို့က သူမ လေယာဉ်ပေါ်က အေးအေးဆေးဆေး ထွက်ခွာဖို့ တိုက်တွန်းနေကြသလို တချို့ကလည်း ရဲတွေက သူမကို အတင်းထိန်းချုပ်နေလို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာပါ။ အသက် ၄၆ နှစ်အရွယ် အန်နီလာဒေါ်လက်ဇိုင်းဆိုတဲ့ ခရီးသည်အမျိုးသမီးကို ဖမ်းဆီးလိုက်ပြီး ရဲတွေရဲ့ဖမ်းဆီးမှုကို ပြန်လည်တုံ့ပြန်မှု၊ ကြောင်းကျိုးဆီလျော်တဲ့ ဥပဒေရဲ့အမိန့်ကို လိုက်နာရန် ပျက်ကွက်မှု စတဲ့အမှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ နောက်ပိုင်းမှာ ရဲတွေက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်တွေ အကြမ်းဖက်ဆက်ဆံခံရတဲ့ အဖြစ်အပျက်တွေထဲ ဒါက နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ခရီးသည်တဦးဖြစ်တဲ့ ဒေါက်တာဒေးဗစ်ဒါအိုကို ချီကာဂို အိုဟဲလေဆိပ်မှာ ယူနိုက်တက်လေကြောင်းလိုင်း လေယာဉ်ပေါ်က ဆွဲချတဲ့အမှု ဖြစ်ခဲ့ပါသေးတယ်။ ဆောက်သ်ဝက်စ်လေကြောင်းလိုင်းက ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သလို အမျိုးသမီးကိုလည်း ဆက်သွယ်ပြီး သူမကြုံတွေ့ခဲ့ရတာတွေအတွက် လူသိရှင်ကြား တောင်းပန်သွားမယ်လို့ စက်တင်ဘာ ၂၇ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up