Home
မြန်မာသတင်း
တရားမျှတမှုကို လက်​လှမ်းမီခြင်းက တရားဥပ​ဒေစိုးမိုးမှုအတွက်​ ​ခြေလှမ်းဖြစ်
DVB
·
September 28, 2017
တရားမျှတမှုကို လက်လှမ်းမီခြင်းက တရားဥပဒေစိုးမိုးမှုအတွက် ခြေလှမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ခရစ်ရှန်စမစ်က ပြောပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ် ၆ ရပ်၊ ပြည်ထောင်စုရပ်ကွက်၊ လုပ်သားလမ်းမှာ စက်တင်ဘာ ၂၇ ရက် မနက် ၈ နာရီခွဲက ဆင်းရဲနွမ်းပါးသူတွေအတွက် ဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို အခမဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် MyJustice စင်တာဖွင့်ပွဲ အခမ်းအနားမှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ခရစ်ရှန်စမစ်က “ဒီစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ဘယ်သူ ဘယ်သူနဲ့ကိုမှ ကျနော်တို့က အတိုက်အခံပြုလုပ် ဆောင်ရွက်လို့မရဘဲနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်တဲ့ စီမံကိန်းတရပ် ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လာရောက် အကူအညီပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပဋိပက္ခမဖြစ်စေဘဲနဲ့ ငြိမ်းချမ်းရေးကို ရရှိစေဖို့ ဖြစ်တယ်။ တရားမျှတမှုကို လက်လှမ်းမီခြင်းသည် တရားဥပဒေစိုးမိုးမှုအတွက် ခြေလှမ်းဖြစ်တယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ် ဥပဒေချုပ် ဦးချစ်မြင့်လေးက “ဥပဒေရဲ့ ရည်ရွယ်ချက်ကိုက ကြီးနိုင်ငယ်ညှဉ်း စနစ်ကို ဖောက်ဖျက်ဖို့ တားမြစ်တဲ့ ဥပဒေစနစ်တရပ် ဖြစ်ပါတယ်။ အဲဒီ ရည်ရွယ်ချက်နဲ့အညီ ဖြစ်စေရန် တရားစီရင်ရေးစနစ်ကို ထားရှိရာမှာ ကျနော်တို့ ကျင့်သုံးတဲ့ လမ်းညွှန်ဖြစ်တဲ့ ဒူးအော အင်န်တာဂျက်စ်တစ်ကို ကျနော်တို့က ကျင့်သုံးပါတယ်။ အဓိက ရည်ရွယ်ချက်က ဘက်လိုက်မှု ကင်းရမယ်။ မိမိ စိတ်ဝင်စားတဲ့အမှုမှာ မပါရပါဘူး။ နောက်ပြီး တဖက်သတ် ကြားနာခြင်းမပြုရဘဲ နှစ်ဖက်စကားကို ကြားနာပြီးမှ အမှုကို စီရင်ဆုံးဖြတ်တဲ့ စနစ် ဖြစ်ပါတယ်”လို့ ပြောပါတယ်။ MyJustice စင်တာကို လူ့အသိုင်းအဝိုင်းအတွင်း ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့ ဆင်းရဲသား ပြည်သူတွေ၊ တန်းတူညီမျှမှု မရှိသူတွေ၊ အထူးသဖြင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်နဲ့ လူငယ်လူရွယ်တွေ၊ လိင်တူချစ်သူတွေ၊ လူမျိုး ကိုးကွယ်ယုံကြည်မှု လိင်စိတ်ခံရယူလို့ မရတဲ့ လူနည်းစုတွေအတွက် ဥပဒေအကျိုးဆောင်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တရားမျှတတမှု ကဏ္ဍကို ပိုမိုတိုးတက်အောင် ရည်ရွယ် ဖွင့်လှစ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တရားမျှတတမှု စင်တာကနေ တရားမျှတမှု ရရှိစေဖို့အတွက် လူပေါင်း ၂၃၉၅ ယောက်ကို အခမဲ့ဥပဒေအကျိုးဆောင်ပေးနိုင်ခဲ့ပြီး လူပေါင်း ၁၃၇၂ ဦးကို ဥပဒေအကြံဉာဏ် ပေးနိုင်ခဲ့သလို မြို့နယ် ၂၄ မြို့နယ်မှာရှိတဲ့ မြို့နယ်တရားရုံးတွေ၊ ခရိုင်တရားရုံး ၅ ရုံး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ မွန်ပြည်နယ်တရားလွှတ်တော်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွေမှာ ဥပဒေဆိုင်ရာ အထောက်အကူတွေ ပေးအပ်နေခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ MYJustice စင်တာတွေကို မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုးချဲ့ဖွင့်လှစ် အကောင်အထည်ဖော်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးသူတွေနဲ့ ခွဲခြားဆက်ဆံခံရသူတွေကို ပိုမိုကူညီပေးသွားနိုင်မယ်လို့ ဘားအံ တရားမျှတမှုစင်တာ ဦးစံကြည်(အကြီးတန်းရှေ့နေ)က ပြောပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024