မြိတ်မြို့တွင် အမျိုးသားအလောင်းတလောင်း တွေ့ရှိ

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာမြစ်ကမ်းဘေးတွင် စက်တင်ဘာ၊ ၂၇ ရက်က အမျိုးသားအလောင်း တလောင်း တွေ့ရှိကြောင်း ကျွဲကူးရဲကင်းစခန်းမှ သိရပါတယ်။ ကျောက်ဖျာကျေးရွာမြစ်ကမ်းဘေးရှိ MAKRO ငါးစည်သွပ်စက်ရုံ ဆိပ်ခံတံတားအနီးမှာ လူသေအလောင်း တလောင်း တွေ့ရှိကြောင်း စက်ရုံမန်နေဂျာ ဦးဖြိုးမင်းလတ်က သတင်းပေးပို့လို့ ကျွဲကူးရဲတပ်ဖွဲ့နဲ့ ကျောက်ဖျာကျေးရွာမှ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ “သေဆုံးသူရဲ့ အမည်က အောင်ကိုလတ်လို့ ခေါ်တယ်။ အိမ်ခြေအတည်တကျ မရှိဘူး၊ ကျပန်း လုပ်ကိုင်စားသောက်နေသူ တယောက်ပါ။ ကျောက်ဖျာကျေးရွာမှာပဲ နေပါတယ်၊ ရွာမှာလည်း လူချစ်လူခင် ပေါပါတယ်၊ သူ့ရဲ့အားနည်းချက်က အရက်အလွန်အကျွံ သောက်တယ်” လို့ ကျွဲကူးရဲကင်းမှူး ရဲအုပ်တင်ထွဋ်က ပြောပါတယ်။ အလောင်းအား သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိဘဲ ရေနစ် သေဆုံးတဲ့ လက္ခဏာသာ တွေ့ရှိရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် မြိတ်ဆေးရုံကြီးကို ပို့ဆောင်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း- မြတ်ထွဋ် (မြိတ်)

More News
Up