DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနဲ့ ဒေါ်အောင်ဆန်းစုကြည် ရက်ပိုင်းအတွင်းတွေ့မည်
DVB
·
March 26, 2012
ကေအန်ယူနဲ့ ဒေါ်အောင်ဆန်းစုကြည် ရက်ပိုင်းအတွင်းတွေ့မည်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခင် ရက်ပိုင်းအတွင်း ဧပြီ လဆန်းမှာ တွေ့ဆုံဖို့ ရှိတယ်လို့ ကေအန်ယူ အသိုင်းအ၀ိုင်း က ပြောပါတယ်။

[caption id="attachment_23106" align="alignleft" width="300" caption="တိုင်းရင်းသား ပါတီ အမတ်များ နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption]

ကေအန်ယူနဲ့ အစိုးရ ကိုယ်စားလှယ်တို့ ဧပြီ ၄ ရက်နေ့ မှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လျာထားပြီး ဒီ ဆွေးနွေးပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်တွင်း ကရင် နိုင်ငံရေး ပါတီတွေ၊ ကရင်အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံ မှာ ဖြစ်တယ်လို့ အမည် မဖော်လို တဲ့ ကေအန်ယူခေါင်းဆောင် တဦး က ပြောပါတယ်။ အပြီးသတ် ရက် အတိအကျ သတ်မှတ်နိုင်ဖို့တော့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ဗိုလ်ချုပ်စောမူတူးဆေးဖိုးတို့ ဦးဆောင်မယ့် ကေအန်ယူကိုယ်စားလှယ်တွေဟာ မတ် ၃၁ ရက်နေ့မှာ နယ်စပ်ကနေ ရန်ကုန်ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီခရီးစဉ်မှာ ပြည်တွင်း ကရင်နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ကရင်ပြည်သူ့ပါတီ၊  ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ ဖလုံ-ဆဝေါ် ဒီမိုကရက်တစ် ပါတီတွေနဲ့ ကရင် အဖွဲ့အစည်းတွေ အပါအ၀င် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ် လို့ ပြောပါတယ်။

ဒီတွေ့ဆုံပွဲသာ ဖြစ်မယ်ဆိုရင် နိုင်ငံရေးသြဇာကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် အဖို့ နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၁ဖွဲ့ နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးခွင့် ပထမဆုံးအကြိမ် ရရှိမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ တိုင်းရင်သားလူမျိုးစုတွေ အတွက် ပြောဆိုပေးဖို့ တိုက်တွန်းဖို့ ရှိတယ်လို့ အမည်မဖော်လို တဲ့ ကေအန်ယူ ခေါင်းဆောင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေဟာ ၁၉၉၇  ခုနှစ် မှာ ကေအန်ယူ ထိန်းချုပ်နယ်မြေ မယ်သရောထာမှာ တိုင်းရင်းသားလူမျိုးများ နှီးနှော ဖလှယ်ပွဲ ကျင်းပပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အ၀ ရှိပြီး အမျိုးသားပြည်နယ်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တညီတညွတ်တည်း သဘောတူ ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီသဘောတူညီချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013