ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ရတော့မည်

ဓာတ်ပုံ - ရိုက်တာ
ဆော်ဒီဘုရင် ဆယ်လ်မန်ဟာ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုတဲ့ အမိန့်ကို စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့ပါတယ်။ အဲဒီအမိန့်ကို ၂၀၁၈ ခုနှစ် ဇွန်လမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး ဝန်ကြီးဌာနတွေ အနေနဲ့ ရက် ၃၀ အတွင်း အစီရင်ခံစာ ပြင်ဆင်ရမှာ ဖြစ်တယ်လို့ ဆော်ဒီသတင်းအေဂျင်စီက ထုတ်ပြန်ပါတယ်။ လက်ရှိစနစ်အရ အမျိုးသားတွေကိုသာ ယာဉ်မောင်းလိုင်စင် ခွင့်ပြုပေးပြီး ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းတဲ့ အမျိုးသမီးတွေကိုတော့ ဖမ်းဆီးပြီး ဒဏ်ရိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် မိသားစုတွေဟာ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတွေကို ပို့ဆောင်ပေးဖို့ ယာဉ်မောင်းတွေ ထားကြရပါတယ်။ နိုင်ငံအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ အမျိုးသမီးတွေ ကားမောင်းခွင့်ရရေးအတွက် ၂၅ နှစ်ကျော် တိုက်ပွဲဝင်ခဲ့ကြပြီး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ အမျိုးသမီးတချို့ဟာ ထောင်ချခံရပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ အမျိုးသမီး ကားမောင်းခွင့်ကို တားမြစ်တဲ့ ကမ္ဘာမှာ တခုတည်းသောနိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up